မိုးသက်လေပြင်းကြောင့် လူ ၁၇ ဦးသေ၊ အိမ် ၂၀၀၀၀ ခန့် ပျက်စီး ဆုံးရှုံး
DVB
·
April 27, 2016
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိုးသက်လေပြင်းတိုက်ပြီး မိုးကြိုးမုန်တိုင်းဝင်တာကြောင့် ပြည်နယ်တိုင်း ၉ ခုမှာ လူ ၁၇ ဦး သေဆုံးပြီး အိမ်ခြေ ၂၀၀၀၀ လောက်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အစိုးရက တရားဝင်သတင်းထုတ်ပါတယ်။
ဧပြီ ၂၁ ရက်ကနေ ၂၆ ရက်အတွင်း စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း စတဲ့ ပြည်နယ်တိုင်း ၉ ခုမှာ မိုးသက်လေပြင်းတိုက်ခတ်၊ မိုးသီမုန်းတိုင်း ကျခဲ့လို့ လူသေဆုံးတဲ့ထိ ဖြစ်ပွားခဲ့ရာမှာ စစ်ကိုင်းတိုင်းအတွင်း လူ ၉ ဦး သေဆုံးခဲ့ပါတယ်။
အဲ့ဒီပြည်နယ်တိုင်းတို့မှာ အိမ်ခြေ ၁၈၀၀ ကျော် လုံးဝပြိုကျခဲ့ပြီး လူဦးရေ ၆၀၀၀၀ ခန့် သဘာဝဘေးဒဏ် ခံခဲ့ကြရပါတယ်။
အိမ်ထောင်စုပေါင်း ၁၂၀၀၀ ကျော် သဘာဝဘေးဒဏ်ခံခဲ့ရပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ ပြည်နယ်တိုင်းအစိုးရတို့က ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြပါတယ်။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးမြင့်ထွေးက ဒီနေ့ကစလို့ မိုးလေကင်းရှင်းနေပြီး ဒေသတွင်းမှာတော့ အိမ်အမိုးလန်တာများတယ်လို့ ပြောပါတယ်။
“ခုရက်ပိုင်းကတော့ ကြည်ကြည်လင်လင် ရှိသွားပါပြီဗျ။ ဟိုရက်ပိုင်းက တိုက်တာကလည်း နာရီဝက် မိနစ် ၂၀ လောက်ပဲ တိုက်သွားတာဗျ။ လူကယ်ပြန်ကနေပြီးမှရယ် နောက် တိုင်းအစိုးရ အစိုးရအဖွဲ့ရဲ့ အထူးရန်ပုံငွေအဖွဲ့ကနေ ဆွဲနုတ်ပြီးတော့ သုံးနေ ပြောတယ်ဗျ။ ခေါင်မိုးတွေလန်တာ များတော့ ရန်ပုံငွေ လုံလောက်တယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး”
ဧပြီလ ၂၁ ရက်ကစလို့ မြန်မာနိုင်ငံဒေသတချို့မှာ မိုးတိမ်တောင်ကြီးများ ဖြစ်ပေါ်ခဲ့ပြီး မိုးတိမ်တောင်ကြောင့် မိုးသက်လေပြင်းကျ၊ မိုးသည်းထန်ရွာ၊ ထူးထူးခြားခြား မိုးသီးမုန်တိုင်းများပါ ကျရောက်ခဲ့လို့ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကြီးမားခဲ့ပါတယ်။