Home
မြန်မာသတင်း
၉၀ ရွေးကောက်ပွဲအနိုင်ရ ပါတီများ တရားဝင် ရပ်တည်ခွင့်ရရေး တောင်းဆို
နေသွင်
·
August 25, 2011
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီတွေက တရားဝင် ရပ်တည်ခွင့်ရဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနားကတဆင့် စာရေး တင်ပြခဲ့ကြပါတယ်။ စာပို့တဲ့ ပါတီတွေထဲမှာ ရှမ်း၊ မွန်၊ ရခိုင်၊ ကချင်၊ ဇိုမီး၊ ကရင်၊ ကယန်း တိုင်းရင်းသားပါတီတို့နှင့် တိုင်းရင်းသား ၂၃ ပါတီကို ကိုယ်စားပြုတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်တို့ ပါဝင်ပါတယ်။ မစ္စတာ ကင်တာနားနဲ့ တွေ့ခွင့်မရပေမယ့် "ရောက်နိုင်တဲ့နည်းနဲ့" ပေးပို့ခဲ့တယ်လို့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဒု- ဥက္ကဋ္ဌ ဦးသာဘန်းက ပြောပါတယ်။ စာထဲမှာ ၁၉၉၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အန်အယ်လ်ဒီနဲ့တကွ တိုင်းရင်းသား ပါတီတွေ အပါအဝင် ပါတီအားလုံးကို တရားဝင် အသိအမှတ်ပြုဖို့ တောင်းဆိုထားပါတယ်။ ဒီတိုင်းရင်းသားပါတီတွေဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ စုစုပေါင်း ၆၇ နေရာမှာ အနိုင်ရခဲ့ပြီး အများစုဟာ  ၁၉၉၁ ခုနှစ်မှာ ဖျက်သိမ်းခံလိုက်ရတာပါ။ တိုင်းရင်းသားပါတီတွေရဲ့ စာထဲမှာ တိုင်းရင်းသားခေါင်းဆောင်တွေ အပါအ၀င်၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ တိုင်းရင်းသားဒေသက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်စဲဖို့၊  တွေ့ဆုံဆွေးနွေးရေး တို့အတွက် တောင်းဆိုထားတယ်လို့ ဦးသာဘန်းက ပြောပါတယ်။ “ပဋိပက္ခ ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရမှု၊ အိမ်တွေမီးရှို့မှု၊ လုယက်မှု၊ ဖျက်ဆီးမှု၊ သိမ်းဆည်းမှုတွေကို ပြုလုပ်နေတယ်။ ဒါ့အပြင် အရပ်သားတွေကိုလည်း ပေါ်တာအဖြစ် အဓမ္မဆွဲနေတယ်။ ဒီလို ရက်စက်မှုများကို ပြုလုပ်နေကြတာတွေကို ချက်ချင်း ရပ်ပေးရန်ပေါ့ဗျာ။ ဒါတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်တယ်။ ချိုးဖောက်မှုများကို ရပ်စဲပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို အမြန်ဆုံး ပြုလုပ်ရန်၊ “နံပါတ် ၂ က တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်များ၊ သံဃာများ၊ ကျောင်းသားခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ သက်ဆိုင်တဲ့ ပါတီအားလုံး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကုလသမဂ္ဂ ထောက်ခံချက်နဲ့ အကောင်အထည်ဖော်ပေးရန်၊ “နံပါတ် ၃ က တိုင်းရင်းသားဒေသတွေမှာ တိုက်ခိုက်နေတဲ့ တပ်များနဲ့ အစိုးရအာဏာပိုင်များ တာဝန်ရှိရှိ စနစ်တကျ ဆွေးနွေးညှိနှိုင်းရန်။” ဒီတိုင်းရင်းသားပါတီတွေဟာ အရင်တုန်းကလည်း ကုလသမဂ္ဂ ကိုယ်စားလှယ်တွေကတဆင့် အလားတူ တောင်းဆိုဖူးပြီး အခုတကြိမ်မှာတော့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးကတဆင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အစီရင်ခံနိုင်ဖို့ ပေးပို့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဩဂုတ်လ ၂၀ ရက် န့စွဲနဲ့ စာကိုတော့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ဆီ ရည်ရွယ် ပေးပို့ထားပါတယ်။ စာပို့တဲ့ ပါတီတွေကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားဒီမိုကရေစီတပ်ဦး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ် ဒီမိုကရေစီအမျိုးသားကွန်ဂရက်၊ ဇိုမီးအမျိုးသားကွန်ဂရက်၊ ကရင်အမျိုးသား ကွန်ဂရက်၊ ကရင်အမျိုးသားများ ညီညွတ်ရေးနှင့် ဒီမိုကရေစီ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်တို့ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024