Home
မြန်မာသတင်း
ပုဂ္ဂလိက ဓာတ်အားပေးကုမ္ပဏီများ ဝန်ဆောင်မှုမကောင်း၍ မီးမကြာခဏပြတ်
DVB
·
April 27, 2016
လတ်တလော ရန်ကုန်မြို့တွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ များနေတာဟာ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းကို တာဝန်ယူထားတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေဘက်က ကိုင်တွယ်နိုင်မှု အားနည်းတာကြောင့် ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောပါတယ်။ “၂၀၁၅ ရဲ့ ဧပြီ၊ မေ နောက်ပိုင်းမှာ အစိုးရအနေနဲ့ မဟုတ်တော့ဘဲနဲ့ ကုမ္ပဏီတွေကို အပ်လိုက်တယ်။ ကုမ္ပဏီတွေကကျတော့ ဘယ်လိုဖြစ်လဲဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် အစိုးရလောက် Investment မကောင်းဘူး။ မကောင်းတဲ့အခါကျတော့ ဥပမာ မီးပြတ်သွားတယ်ဆိုရင် ဘယ်နေရာမှာ ချို့ယွင်းချက်ရှိလဲ၊ ဘယ်နေရာမှာ ချက်ချင်းပြင်ရမယ် ဆိုတာကို လုပ်ဆောင်တဲ့အခါမှာ Supporting မပေးနိုင်ဘူးလို့ပြောတယ်။ "၀န်ထမ်းတွေအနေနဲ့လည်း ဘယ်လိုပြဿနာရှိလဲဆိုတော့ ၀န်ထမ်းတွေကိုလည်း Supporting အပြည့်မပေးနိုင်ဘူး။ အပြည့်မပေးနိုင်ဘဲနဲ့ သူတို့က ဒီလုပ်ငန်းကို ယူလိုက်တယ်၊ အစိုးရဆီကနေယူပြီး ကြားထဲကနေ လျှပ်စစ်ရောင်းစားတဲ့ပုံစံမျိုး၊ ပြင်ဖို့ဆင်ဖို့ အပိုင်းကျတော့ သူတို့မှာ Investment မပြည့်စုံဘူးလို့ပြောတယ်။” အခုရက်ပိုင်းတွေအတွင်း ရန်ကုန်မြို့မှာ နေ့တိုင်းနီးပါးလောက် လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ကုမ္ပဏီတွေဘက်ကတော့ ရာသီဥတု ချို့ယွင်းမှုကြောင့် ပင်မဓာတ်အားလိုင်းက လျှပ်စစ်မီး ပြတ်တောက်တာလို့ ပြောပါတယ်။ ဓာတ်အားပေးလုပ်ငန်းလုပ်တဲ့ ကုမ္ပဏီတွေဟာ ရှယ်ယာခွဲပြီး လုပ်ကိုင်တာဖြစ်လို့ လျှပ်စစ်မီးပြတ်တောက်မှုတွေကို လျှော့ချနိုင်ဖို့ဆိုရင် ကုမ္ပဏီဘက်မှာရော ဝန်ကြီးဌာနဘက်မှာပါ တာဝန်ရှိတယ်လို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးညွန့်က ဆိုပါတယ်။ “လျှပ်စစ်မီးပြတ်တယ်ဆိုတာ ကုမ္ပဏီတွေမှာပဲ တာဝန်ရှိတာမဟုတ်ဘူး။ အကျိုးအမြတ် နှစ်ခုယူလိုက်တဲ့ အတွက်ကြောင့်မို့ ကျနော်တို့ချည်းပဲ တာဝန်ရှိတာ မဟုတ်သလို ကုမ္ပဏီတွေမှာချည်းပဲလည်း တာဝန်ရှိတာ မဟုတ်ပါဘူး။ ရှင်းရှင်းပြောရရင် ယူထားတဲ့ အကျိုးအမြတ်ပေါ် မူတည်ပြီးတော့ပဲ တာဝန်ရှိပါတယ်။ တကယ်တမ်း လက်ရှိမှာတော့ လျှပ်စစ်မီးနဲ့ပတ်သက်လို့ တိုက်ရိုက်ကြီးကြပ် ကိုင်တွယ်နေတာကတော့ ခရိုင်ရုံးအပါအ၀င် နိုင်ငံ့ဝန်ထမ်းကပဲ ကြီးကြပ် ကိုင်တွယ်နေတာပေါ့။ နိုင်ငံ့ဝန်ထမ်းကတော့ အဓိကတာဝန်ရှိပြီးတော့ ကျနော်တို့ နောက်ကွယ်က ထောက်ပံ့မှုအားနည်းရင် အားနည်းသလို ကုမ္ပဏီကတော့ ဒုတိယတာဝန်ရှိပါတယ်။” လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကို ခေါ်ယူပြီး မီးမကြာခဏ ပြတ်နေတဲ့ကိစ္စကို ဖြေရှင်းနိုင်ဖို့ ရန်ကုန်တိုင်းအစိုးရက လုပ်ဆောင်သွားဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက တင်ပြသွားမှာပါ။ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက “သူတို့က စာချုပ်စာတမ်းတွေနဲ့ လုပ်ခဲ့တာ ဒီကိစ္စတွေက။ အီးပီစီ ဘာဖြစ်လို့ပြတ်လဲလို့ မေးကြည့်တော့ ကုမ္ပဏီကိုရောင်းသွားပြီ။ အဲဒီကုမ္ပဏီတွေရဲ့ running ပိုင်းက အဆင်မပြေလို့ ဒီလိုပြတ်တာဆိုတော့၊ အဲတော့ ဒီကိစ္စကို လုပ်ဖို့ရာအတွက်ကို ကုမ္ပဏီကိုရောင်းတယ်ဆိုတာ ရော့…အင့်…ဆိုပြီး ရောင်းလို့မရဘူးလေ။ စာချုပ်စာတမ်းတွေနဲ့ လုပ်ခဲ့တာ။ အဲဒီစာချုပ်စာတမ်းတွေကို ပြန်လေ့လာပြီးတော့မှ ရန်ကုန်တိုင်းအနေနဲ့ပဲ ပြောမယ်ဆိုရင် အစ်မတို့ ရန်ကုန်တိုင်းအစိုးရကလည်း ဒီဟာတွေကို ပြန်လေ့လာရမယ်။ ကုမ္ပဏီတွေကို ခေါ်ပြီးတော့ ညှိနှိုင်းဆွေးနွေးတာတွေလုပ်ရမယ်။ အဲဒီအတွက် အချိန်ကတော့ လိုတာပေါ့” လို့ ပြောပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပြီးခဲ့တဲ့နှစ် မေလအတွင်းက လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းကို ပုဂ္ဂလိက ကုမ္ပဏီတွေကို ရောင်းချခဲ့ပြီး မြို့နယ်တခုချင်းအလိုက် တာဝန်ယူ လုပ်ကိုင်နေသလို ပုဂ္ဂလိက ကုမ္ပဏီမှာ အစိုးရဝန်ထမ်း ၁၀၀ ရာခိုင်နှုန်း ပါဝင်ရမယ်ဆိုတဲ့ စနစ်နဲ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024