သံတွဲနှင့် တောင်ကုတ်မြို့၌ ရခိုင်အမျိုးသားပါတီထောက်ခံသူများဆန္ဒပြ

ရခိုင်ပြည်နယ် သံတွဲနဲ့ တောက်ကုတ်မြို့တွေမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ရခိုင်အမျိုးသားပါတီက ဦးဆောင်ဖွဲ့စည်းခွင့်ရရှိရေး ထောက်ခံကြောင်း လူဦးရေ ၂၀၀၀ ခန့်က မြို့တွင်းလမ်းမတွေပေါ်လည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
သံတွဲဆန္ဒထုတ်ဖော်ရာမှာ ဦးဆောင်သူဖြစ်တဲ့ ဦးစိန်ချစ်က “အဓိကတော့ ရခိုင်အမျိုးသားပါတီကို ပြည်နယ် အစိုးရဖွဲ့စည်းခွင့်ရရေးပါပဲ။ ဒါကို ရခိုင်ပြည်သူတွေက လိုလားနေကြတယ်။ တောင်းဆို နေကြတယ်။ ပြည့်သူရဲ့အသံကို နားစွင့်နေတယ်ဆိုရင် ပြည်သူ့ရဲ့ဆန္ဒကို လိုက်လျှော့ပေးဖို့ လိုပါတယ်။ တစ်ပါတီအာဏာရှင် စနစ်မဖြစ်ဖို့ လိုတယ်”လို့ ပြောပါတယ်။
ဆန္ဒပြရာမှာ ရခိုင်ပါတီရဲ့ ၁/၂၀၁၆၊ ၂/၂၀၁၆ ကြေညာချက်တွေကို သံတွဲပြည်သူတွေ ထောက်ခံပါသည်။ စစ်မှန်သောဖက်ဒရယ် ဦးတည်ကြောင်းပြပါ၊ ဘုရင်ခံစနစ်သည် ဒီမိုကရေစီ မဟုတ်၊ ဖွဲ့စည်းပုံကိုလွှဲမချနှင့် တစ်ပါတီအာဏာရှင်စနစ် အလိုမရှိ၊ ရခိုင်ပြည်သူ၏ ဆန္ဒကို အလေးထားပါစတဲ့ ပိုစတာဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ကြွေးကြော်သံတွေနဲ့အတူ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
အလာားတူ တောင်ကုတ်မြို့မှာလည်း ဒီကနေ့ မွန်းလွဲပိုင်း ဆေးရုံရှေ့ကနေ စတင်ပြီး ဦးဥတ္တမလမ်း၊ အမ်းလမ်း၊ ပန်းတောင်နေရာတွေကို လူပေါင်း ၂၀၀ ခန့်က လှည့်လည်ပြီးဆန္ဒ ထုတ်ဖော်ခဲ့ကြတာပါ။
သိပ်မကြာသေးခင်ကလည်း စစ်တွေ၊ မင်းပြား၊ မြောက်ဦး၊ ပေါက်တော၊ ဘူးသီးတောင်စတဲ့ မြို့တွေမှာလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ရခိုင်အမျိုးသားပါတီမှ ဦးဆောင်ဖွဲ့စည်းခွင့် ရရှိရေးနှင့် ၁/၂၀၁၆၊ ၂/၂၀၁၆ ကိုထောက်ခံ ကြောင်းဆန္ဒထုတ်ဖော်မှုတွေကို အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်လွှတ်တော်မှာ နေရာအများစု အနိုင်ရထားတဲ့အတွက် အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့ခွင့်မရရင် အတိုက်အခံအဖြစ်ရပ်တည်မယ်လို့ ရခိုင်အမျိုးသားပါတီက ဇန်န၀ါရီ ၁၉ ရက်မှာ ကြေညာချက် အမှတ် ၁/၂၀၁၆ ကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။
၂၀၁၆ ခု ဖေဖော်ဝါရီ ၇ ရက်မှာတော့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နဲ့ မဟာမိတ်အဖြစ်က ရပ်စဲပြီး ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF)နဲ့ လက်တွဲမယ်လို့ ကြေညာချက် အမှတ် ၂/၂၀၁၆ကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။
(သတင်း - ၀ဏ္ဏခွာညို)