မိုးမုန်တိုင်း ၀င်ရောက်မှုကြောင့် တရုတ်တွင် နေအိမ်အများအပြား ပျက်စီး (ရုပ်သံ)

တရုတ်နိုင်ငံ တောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ မိုးမုန်တိုင်းတွေ ဆက်တိုက် ဝင်ရောက်နေလို့ အိမ်ခြေအများအပြားနဲ့ တံတားတစင်း ပျက်စီးခဲ့ပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်မှာ ဧပြီ ၂၃ နဲ့ ၂၄ ရက်နေ့တွေမှာ မုန်တိုင်း တိုက်ခဲ့တာပါ။ ရှန်တောင်မြို့မှာ မိုးရေချိန် ၁၉ ဒသမ ၃၉ စင်တီမီတာထိ ရွာသွန်းခဲ့ပါတယ်။ ဒေသခံ မိုးလေဝသဗျူရိုက အနီရောင်အဆင့် မိုးမုန်တိုင်း တပ်လှန့်သတိပေးခဲ့ပါတယ်။ ဒီအဆင့်ဟာ တရုတ်နိုင်ငံအတွင်း အရောင်လေးရောင်သုံး မိုးလေဝသ သတိပေးစနစ်ထဲမှာ အဆင့်အမြင့်ဆုံးပါ။ တံတားကျိုးခဲ့လို့ မြို့ခံတွေ ရေလွှမ်းမိုးမှုအတွင်း ပိတ်မိနေခဲ့ပါတယ်။ ဒေသခံအစိုးရက တံတားပြင်ဆင်မှု စတင်နေပြီး ပြိုကျတံတားဝန်းကျင်က ဖြတ်သွားဖြတ်လာတွေနဲ့ ကားတွေကို သတိပေးဖို့ ဝန်ထမ်းတွေ လွှတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်းရှိဒေသ လိုင်ဘင်မြို့မှာတော့ ဧပြီ ၂၂ ရက်နေ့က လေပြင်းကြောင့် ဒေသခံတွေရဲ့ အိမ်အမိုးတွေ လွင့်ထွက် ပျက်စီးခဲ့ပါတယ်။ နံရံတွေ၊ အုတ်တံတိုင်းတွေ ပြိုကျခဲ့လို့ ရာနဲ့ချီတဲ့ ကြက်တွေ၊ ငန်းတွေ သေဆုံးခဲ့ပြီး တခြားကြက်ဘဲတွေက မြစ်ထဲခုန်ချ ပျောက်ဆုံးသွားခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ မိုးမုန်တိုင်းတွေက တရုတ်အရှေ့ပိုင်း ဖူကျန်းပြည်နယ် ဖူကျိုးမြို့ကိုလည်း တိုက်ခတ်ခဲ့လို့ မြို့နယ်အများအပြားမှာ မိုးရေချိန် ၁၀ စင်တီမီတာကျော်အောင် ရွာသွန်းခဲ့ပါတယ်။ ဖူကျိုး မိုးလေဝသဗျူရိုက မိုးမုန်တိုင်းဟာ ဧပြီ ၂၅ ရက် မနက်ထိ ရပ်မှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up