မီတာ ၂၀ အမြင့်ရှိ ရေတံခွန်အဆင့်ပေါ်မှ လူတဦး ပြုတ်ကျသေဆုံး

အခင်းဖြစ်ပွားသည့်နေရာအား တာဝန်ရှိသူများ စစ်ဆေးကြည့်ရှုနေစဉ်။ (ဓာတ်ပုံ - chiangmaicitylife.com)
997
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အမျိုးသားတဦးဟာ ဧပြီ ၂၂ ရက်နေ့က မီတာ ၂၀ အမြင့်ရှိ ရေတံခွန်အဆင့်ပေါ်မှ ပြုတ်ကျပြီး သေဆုံးခဲ့တယ်လို့ ချင်းမိုင်ဒေးလီးနယူးစ်မှာ ဖော်ပြပါတယ်။
အသက် ၃၈ နှစ်အရွယ် ဂျာရိုဝမ်တီဂျိုင် အမည်ရတဲ့ အဲဒီအမျိုးသားဟာ မယ်အိုင်ဒေသက ပျူမျူယန်ရေတံခွန်ဆီကို အားလပ်ရက် ခရီးစဉ်အဖြစ် ဆွေမျိုး ၅ ဦးနဲ့အတူ သွားရောက်လည်ပတ်ခဲ့တာပါ။
ပြုတ်ကျတဲ့အရှိန်ကြောင့် ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရရှိခဲ့ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
မျက်မြင်သက်သေတဦးရဲ့ အဆိုအရ သူတို့အုပ်စုဟာ နေ့လယ်စာမစားခင်အချိန်မှာ ရေကစားနေခဲ့ကြပြီးနောက် ဂျာရိုဝမ်က အုပ်စုနဲ့ခွဲပြီး ရေတံခွန်ရဲ့ လေးဆင့်အမြင့်ဆီ တက်သွားခဲ့တာလို့ ပြောပါတယ်။
အဲဒီနောက်မှာတော့ သူ့ရဲ့အော်သံအကျယ်ကြီးကို ကြားလိုက်ရပြီး ရေတံခွန် အောက်ခြေကို ခြေချော် ပြုတ်ကျသွားခဲ့တာ တွေ့ခဲ့ရတာပါ။
ရဲတွေကတော့ သူဟာ အမြင့်မီတာ ၂၀ လောက်က ခြေချော်ပြုတ်ကျခဲ့ပြီး ကျောက်တုံးနဲ့ ခေါင်းကို ရိုက်မိခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
ခုလနောက်ဆုံးပတ်မှာ ဂျာရိုဝမ်ရဲ့ နာရေးကို ဗုဒ္ဒဘာသာ အစဉ်အလာအတိုင်း ကျင်းပသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။