A d v e r t i s e m e n t With Us

တပ်မတော်ရဟတ်ယာဉ်တစင်း လေ့ကျင့်ပျံသန်းစဉ် မုန်တိုင်ဆည်အတွင်း ပျက်ကျ

မိတ္ထီလာတပ်နယ်၊ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်က ရဟတ်ယာဉ်တစင်း ဒီနေ့ မနက်ပိုင်း လေ့ကျင့်ပျံသန်းမှုဆောင်ရွက်စဉ် စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒီနေ့ မနက် ၈ နာရီ ၂၆ မိနစ်အချိန်က Bell-206 အမျိုးအစား ရဟတ်ယာဉ်အမှတ် ၀၁၂၅ ဟာ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မုန်တိုင်ဆည်အတွင်း ထိုးဆင်းပျက်ကျသွားခဲ့တာပါ။ ပျက်ကျသွားခဲ့တဲ့ ရဟတ်ယာဉ်ကို လေသူရဲ ဗိုလ်မှူးဝင်းအောင်နဲ့ ဗိုလ်မှူးခွန်ကျော်လှိုင် တို့က မောင်းနှင်ပြီး မုန်တိုင်ဆည်အတွင်း ကမ်းစပ်ကနေ ပေ ၅၀၀ အကွာ ရေပြင်အထက် ပေ ၃၀၀ ခန့်မှ ရုတ်တရက်စက်ချို့ယွင်းကာ ရေထဲသို့ ထိုးဆင်းပျက်ကျခဲ့တာဖြစ်ပါတယ်။ ရဟတ်ယာဉ် ရေထဲပျက်ကျချိန်မှာ ဆည်အတွင်းရှိ ငါးဖမ်းလှေများက လေသူရဲနှစ်ဦးကို ချက်ချင်းဆယ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ရဟတ်ယာဉ်ပျက်ရာနေရာကို မုန်တိုင်ရှိ တပ်မတော်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနဲ့ အဖွဲ့ဝင်များ ထပ်မံရောက်ရှိ၍ မျက်နှာတွင် ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ) အနည်းငယ်မျှသာ ရရှိ ထားတဲ့ လေသူရဲနှစ်ဦးကို ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့သည်။ Bell-206 ရဟတ်ယာဉ်ကို ၁၉၇၇ ခုနှစ်မှာ ထုတ်လုပ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် အသုံးမပြုနိုင်တော့တဲ့အတွက် ၂၀၁၂ ခုနှစ်မှာ ပြည်ပ ကုမ္ပဏီတခုနဲ့ အကြီးစားပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး လေ့ကျင့်ရေးရဟတ်ယာဉ်အဖြစ် အသုံးပြုခဲ့တာဖြစ်ပါတယ်။ ပျက်ကျရဟတ်ယာဉ်မှာ မုန်တိုင်ဆည်အတွင်း နစ်မြှုပ်သွားခဲ့ပြီး ရဟတ်ယာဉ် ပျက်ကျမှုနဲ့ ပတ်သက်ပြီး အသေးစိတ်အခြေအနေတွေကို စုံစမ်းစိစစ်နေတယ်လို့ သိရပါတယ်။ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)  

A d v e r t i s e m e n t With Us

More News
Up