ကလေးစစ်သား ပြန်လွတ်ရေး အိုင်အယ်လ်အိုကို တိုင်မည်
နော်နိုရင်း
·
August 25, 2011
ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်က အသက် ၁၆ နှစ်သာရှိသေးတဲ့ မောင်ကျော်နိုင်ဝင်း ကလေးစစ်သားအဖြစ်က ပြန်လွတ်မြောက်ရေးအတွက် အိုင်အယ်လ်အိုကို တိုင်ကြားမယ် လို့ အိပ်ခ်ျအာဒီပီ (လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများ ကွန်ရက်) က ပြောပါတယ်။
မောင်ကျော်နိုင်ဝင်းဟာ ဘိုကလေးမြို့ အမှတ် ၁၂၈ ယုဇနလမ်းမှာနေထိုင်ပြီး ပြီးခဲ့တဲ့ ဇူလိုင်တုန်းက အစ်ကိုဖြစ်သူနဲ့ အချင်းများ အိမ်ကထွက်သွား ရာကနေ ပျေက်ဆုံးသွားခဲ့ပါတယ်။
မောင်ကျော်နိုင်ဝင်းဟာ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဖောင်ကြီးအခြေစိုက် မင်းကုန်း လေ့ကျင့်ရေး တပ်ခွဲ ၃ မှာ ရောက်ရှိနေကြာင်း မိသားစုကို ဒီလ ၉ ရက်မှာ ဆက်သွယ်ပြီး သူ့ကို ပြန်လာခေါ်ဖို့ ပြောတယ်လို့ သူ့ဖခင် ဦးလှသိန်းက ပြောပါတယ်။
“သူ့ကို လာခေါ်လှည့်ပါလို့ ပြောတယ်။ ကျနော့်ကို ဖုန်းနံပါတ်၊ ကိုယ်ပိုင်နံပါတ်တွေလည်း ပေးတယ်။ ကိုယ်ပိုင်နံပါတ်က ၄၅၄၈၆၀။”
မိသားစုကလည်း ဘယ်လို ပြန်ခေါ်ရမယ်ဆိုတာကို မသိတာကြောင့် အိပ်ခ်ျအာဒီပီ ကို အကြောင်းကြားပြီး အကူအညီ တောင်းထားတယ်လို့ ဦးလှသိန်းက ပြောပါတယ်။
“ကျနော့်မှာ ရှာဖွေစားသောက်ရင်းနဲ့ သူ့ကို စုံစမ်းလေ့လာနေတာ။ ကျနော်က လည်း ရန်ကုန်မရောက်ဖူးတော့ ဘယ်လိုမှ မခေါ်နိုင်ဘူး။”
ကလေးစစ်သား မောင်ကျော်နိုင်ဝင်း ပြန်လွတ်မြောက်ဖို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) ရန်ကုန်ရုံးခွဲကို တိုင်ကြားသွားမယ်လို့ အိပ်ခ်ျအာဒီပီ အဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒီနှစ်ဆန်းပိုင်းကစပြီး ဒီလအထိ ကလေးစစ်သားအမှု ၃၉ မှု လာရောက် တိုင်ကြားထားတယ်လို့ အိပ်ခ်ျအာဒီပီ ပြောခွင့်ရသူ ဦးမောင်မောင်လေးက ပြောပါတယ်။
အဓမ္မ လုပ်အားပေးခိုင်းစေမှုနဲ့ ကလေးတွေကို စစ်သားအဖြစ် စုဆောင်းမှု ပပျောက်ရေး ဆောင်ရွက်ဖို့ မြန်မာအစိုးရက အိုင်အယ်လ်အိုနဲ့ နားလည်မှုစာချွန်လွှာ သက်တမ်း တိုးထားပေမယ့် အစိုးရသစ်လက်ထက်မှာလည်း ကလေးစစ်သားစုဆောင်း မှုတွေ လုပ်နေတာကို ဦးမောင်မောင်လေးက ဝေဖန်ပါတယ်။
“လက်ရှိအချိန်က သူတို့ပြောတဲ့ ဒီမိုကရေစီ အစိုးရသစ်တရပ်ပေါ့ဗျာ။ အဲဒီ အနေအထားမျိုးမှာ ကလေးစစ်သားကိစ္စတွေ ရပ်သင့်ပါပြီ။ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို တပ်ထဲသွင်းတဲ့ကိစ္စကတော့ အင်မတန် ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပါ။ ဒီအပေါ်မှာ အစိုးရရော၊ နိုင်ငံတကာရော အားလုံးက ရပ်တန့်သွားအောင် ဆောင်ရွက်ဖို့ အင်မတန် အရေးကြီးပါတယ်။ ဒီမိုကရေစီအစိုးရတရပ်ဆို လူ့အခွင့်အရေးချိုးဖောက်နေလို့ မဖြစ်ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ကောင်းမွန်တဲ့ အစိုးရတရပ်၊ အုပ်ချုပ်မှု တရပ်လည်း ဖြစ်လာဖို့ လမ်းမမြင်ပါဘူး။”