ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များ ပြန်ပို့ရန် မလွယ်ကူသေးဟုဆို
DVB
·
August 24, 2011
မြန်မာဒုက္ခသည်တွေကို ထိုင်းအစိုးရအနေနဲ့ ပြန်ပို့ဖို့ မဖြစ်နိုင်သေးဘူးလို့ ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ထုတ်ဖော်ပြောကြားပါတယ်။
နယ်စပ်တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ဖို့ တပ်ခရိုင်ဝန်စံမလွိုင်ဖားက ဒုက္ခသည်စခန်း တာဝန်ခံတွေကိုစာရင်းလုပ်ဖို့ ညွှန်ကြားချက်ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း ပြောဆိုချက်တွေအပေါ် ထိုင်းလူ့အခွင့်အရေးကော်မရှင်က တုံ့ပြန်ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ထိုင်းလူ့အခွင့်အရေးကော်မရှင်ရဲ့ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ စူရဖုန်းကောင်ကျန်ထိက နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အစိုးရသစ်အနေနဲ့ ထင်သာမြင်သာရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မပြုလုပ်သေးတာကြောင့် ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။
“နေရပ်ပြန်ပို့တာနဲ့ပတ်သက်ပြီး လိုက်နာရမယ့် မူအချက်တွေကို ဆိုင်ရာ အစိုးရဌာနတွေကို ကျနော်တို့ပို့ထားခဲ့တယ်။ နံပါတ်တစ်က စိတ်ဆန္ဒအရ ပြန်တာဖြစ်ရမယ်။ နံပါတ်နှစ်ကတော့ မူလနိုင်ငံက အသင့်ဖြစ်နေရမယ်။ အသင့်ဖြစ်တယ်ဆိုတာက မူလနိုင်ငံက အသင့်ဖြစ်နေပါပြီလို့သူတို့ကိုယ်တိုင် ပြောတာ မဟုတ်ဘူး။ ယူအန်အိပ်ခ်ျစီအာ (ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) လို အဖွဲ့အစည်းက ဝင်ရောက် စိစစ်ရမှာဖြစ်တယ်။ ယူအန်အိပ်ခ်ျစီအာ ကနေပြီး အခြေအနေမှန်ကို ဝင်စစ်ဆေးတာ တခါမှမရှိသေးဘူး။ ဒီကိစ္စဟာ နှစ်နိုင်ငံနဲ့မပြီးဘူး။ ဒါဟာ နိုင်ငံတကာကိစ္စဖြစ်တယ်။ တပ်ခရိုင်ဝန်က ခုလိုဆောင်ရွက်နေတာဟာ အကျိုးအကြောင်း မဆီလျော်လောက်အောင် မြန်ဆန်လွန်းနေတယ်၊ ဒုက္ခသည်တွေကို စိုးရိမ်ထိတ်လန့်စေတယ်။”
တပ်ခရိုင်ဝန် စံမလွိုင်ဖားကတော့ သမ္မတဦးသိန်းစိန်ရဲ့ ဒီလ ၁၇ ရက်နေ့က ပြောကြားခဲ့တဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြန်လာကြဖို့ ကမ်းလှမ်းချက် မိန့်ခွန်းအပေါ် ခုလိုညွှန်ကြားချက်တွေကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် တပ်ခရိုင်ဝန်က မြန်မာအစိုးရအနေနဲ့ ခုလိုကမ်းလှမ်းလာတဲ့အတွက် အိုးအိမ်တွေကို စွန့်ခွာခဲ့ကြတာ ကြာပြီဖြစ်တဲ့ ဒုက္ခသည်တွေအနေနဲ့ အိမ်ပြန်ပြီး ဘဝသစ်ကို တည်ထောင်နိုင်ကြတော့မှာဖြစ်လို့ ဝမ်းသာကြောင်း၊ ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသတွေဟာလည်း ငြိမ်းချမ်းသွားပြီး လူတိုင်းဟာ ဘဝတိုးတက်ရေးနဲ့စီးပွားရေးတွေကို ဇောက်ချလုပ်ကိုင်နိုင်ကြတော့မယ့်အကြောင်း ထိုင်းမီဒီယာတွေ ကနေတဆင့် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
လက်ရှိအခြေအနေအထိ ဒုက္ခသည်စခန်းတွေကို ညွှန်ကြားချက်တွေ တစုံတရာ ရောက်မလာသေးဘူးလို့ နို့ဖိုး ဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောဖိုးဒန်က ပြောပါတယ်။
“အတိအကျ ညွှန်ကြားချက်တွေတော့ ဘာမှ မလာသေးဘူး။ သူကိုယ်တိုင် တခေါက်၊ နှစ်ခေါက်လောက် ရောက်ပြီးတော့ နို့ဖိုးစခန်း အထဲမဝင်ဘူး။ ဘေးပတ်ဝန်းကျင်မှာ ရပ်ပြီး စခန်း တာဝန်ရှိတွေပဲ ခေါ်ပြီးပြောတာတော့ အဲဒီကိစ္စ တခုမှ မပါသေးဘူး။”
လက်ရှိအခြေအနေမှာတော့ ထိုင်း-မြန်မာနယ်စပ်မှာ ဒုက္ခစခန်း ၉ ခု ရှိပြီး ဒုက္ခသည် ၁ သိန်းခွဲ နီးပါး ရှိနေပါတယ်။