A d v e r t i s e m e n t With Us

လပွတ္တာမြို့နယ် ကျေးရွာများတွင် ကန်ရေများ ခန်းခြောက်၊ သောက်သုံးရေရှားပါး

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တွင်း ကျေးရွာအများအပြားမှာ ကန်ရေတွေ ခန်းခြောက်ပြီး ရေရှားပါတာနဲ့ ကြုံတွေ့နေပါတယ်။ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရပြီးနောက်မှာ ရေချိုရရှိတဲ့ ရေတွင်း ရေကန်အများအပြား ပျက်စီးခဲ့တာ ကြောင့် နာဂစ်မုန်တိုင်းဒဏ် ခံစားခဲ့ရတဲ့ ကျေးရွာတွေမှာ ရေရှားပါးမှုနဲ့ နှစ်စဉ်ကြုံတွေနေရပြီး ဒီနှစ်က အရင်နှစ်တွေထက်ပိုမိုဆိုးဝါးနေတယ်လို့ ပြင်စလူမြို့ လေယာဉ်ကွင်းကျေးရွာက ဦးလွင်ဦးက ပြောပါတယ်။ ရေပြတ်လတ်တဲ့ ဒေသအများစုဟာ ဝေးလံခေါင်သီတဲ့ကုန်းလမ်း မပေါက်တဲ့ ဒေသတွေ ဖြစ်တာကြောင့် ရေလှူဒါန်းကူညီမှုတွေဟာလည်း နည်းပါးနေပါတယ်။ ကျေးရွာအချို့မှာတော့ ကျန်ရှိနေသေးတဲ့လက်ကျန်ရေကို အချိန်အကန့်အသတ်နဲ့သာပေးဝေပြီး ခွဲဝေသုံးစွဲနေရတာပါ။ လပွတ္တာမြို့နယ်တခုလုံးဟာ ရေငံဝင်ရောက်တဲ့ဒေသဖြစ်တဲ့အတွက် လပွတ္တာမြို့ပေါ် ရပ်ကွက် တွေအပါအဝင် ကျေးရွာအများအပြားဟာ ရေရှားပါးမှုတွေနဲ့ ကြုံတွေ့နေရတာပါ။ မေလအတွင်းမှာ မိုးရွာသွန်းမှု မရှိရင်တော့ ရေလုံးဝပြတ်လတ်တာနဲ့ ကြုံတွေ့နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိအချိန်မှာ အရပ်ဘက်အဖွဲ့အစည်းအချို့က သွားရောက်ရေလှူဒါန်းတာတွေ ရှိပေမယ့် လုံလောက်မှု မရှိသေးတာပါ။ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန အနေနဲ့ကတော့ ရေပြတ်လတ်တဲ့ရွာတွေအနေနဲ့ လာရောက် အကြောင်းကြားဖို့နဲ့ အကြောင်းကြားတဲ့အခါမှာ ကူညီဖို့အဆင်သင့်ရှိတယ်လို့ တိုင်းဦးစီးမှူး ဦးစိုးသန်းက ဒီဗွီဘီကို ပြောပါတယ်။ သတင်း၊ ဓာတ်ပုံ - သော်ဇင်မျိုး  

A d v e r t i s e m e n t With Us

More News
Up