လေပြင်းတိုက် မိုးသီးကြွေမှုကြောင့် သေဆုံးသူ ၁၄ ဦးရှိဟု ကုလထုတ်ပြန်
DVB
·
April 26, 2016
မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်ခဲ့တဲ့ လေပြင်းတိုက်ခတ်၊ မိုးသီးကြွေ၊ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ဧပြီ ၂၅ ရက်အထိ ရရှိထားတဲ့ စာရင်းအရ သေဆုံးသူ ၁၄ ဦး၊ ဒဏ်ရာအနည်းငယ်ရသူ ၁၈ ဦးရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်လိုက်ပါတယ်။
ဧပြီ ၁၉ ရက်ကစပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၃၉ မြို့နယ်လောက်မှာ လေပြင်းတွေတိုက်ပြီး မိုးသီးကြွေခဲ့တာကြောင့် လူတွေသေဆုံးပြီး နေအိမ် အဆောက်အဦတွေပါ ထိခိုက်ပျက်စီးမှု ရှိခဲ့တာပါ။
ထိခိုက်ပျက်စီးမှု စာရင်းတွေအရ ဧပြီ ၂၄ ရက်နေ့အထိ နေအိမ်အလုံးပေါင်း ၁၁,၆၀၀ ကျော် ထိခိုက်ခဲ့ပြီး ၁,၁၀၀ ကျော်မှာ လုံးဝ ပျက်စီးသွားခဲ့တယ်လို့လည်း နေပြည်တော် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနကို ကိုးကားပြီး ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။