ငြိမ်းချမ်းရေးလိုလားလျှင် တနိုင်ငံလုံး အပစ်ရပ်ရန်လိုဟု ဒီကေဘီအေပြော
DVB
·
August 24, 2011
ငြိမ်းချမ်းရေးလုပ်လိုရင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီး တပ်တွေဆုတ်ခွာဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပြီး အန်အယ်လ်ဒီအပါဝင် တခြားနိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဒီကေဘီက သဘောထားထုတ်ပြန်လိုက်ပါတယ်။
ခုလ ၁၈ ရက်မှာ နေပြည်တော်က ကိုယ်စားလှယ်အဖွဲ့တဖွဲ့ ကရင်ပြည်နယ် ဘားအံမြို့ တောင်ကလေးဆရာတော်ကနေဆင့် ဗိုလ်ချုပ်စောလဲဘွဲ ဦးဆောင်တဲ့ ဒီကေဘီအေ ကလိုထူးဘောစစ်ဌာနချုပ်ကို ငြိမ်းရေးကိစ္စ ဆွေးနွေးလိုကြောင်း ချဉ်းကပ်ခဲ့ ပါတယ်။
ဒီချဉ်းကပ်မှုအပေါ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ကလိုထူးဘော တပ်ရင်းက တောင်းဆိုချက်လေးချက်နဲ့ သဘောထား ထုတ်ပြန်ပြီး တုံ့ပြန်လိုက်တာပါ။
“အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်လိုရင် တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေး တရားဝင်ကြေညာဖို့၊ တိုင်းရင်းသား ဒေသတွေမှာ အခြေပြုထားတဲ့ တပ်တွေဆုတ်ခွာဖို့၊ ထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ဖို့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ အစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေးဖို့” စတဲ့တောင်းဆိုချက်တွေဖြစ်ပါတယ်။
ဩဂုတ် ၂၂ ရက်စွဲပါ ဒီကေဘီအေ သဘောထားကြေညာချက်မှာ ဦးသိန်းစိန် အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တနိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ ဆွေးနွေးမှုတွေကို ဂုဏ်သိက္ခာရှိရှိ လုပ်ဆောင်သွားဖို့ လိုတယ်လို့လည်း ပါရှိပါတယ်။
ပြည်တွင်းစစ်ကာလရှည်အတွင်း တိုင်းရင်းသားပြည်သူတွေ နစ်နာဆုံးရှုံးမှုတွေကို နေ့စဉ်တွေ့မြင်နေတဲ့အပေါ် မိမိတို့အနေနဲ့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တ ကယ် လိုလားကြောင်းလည်း ပြောထားပါတယ်။
ဒါ့အပြင် မြန်မာအစိုးရက နယ်ခြားစောင့်အဖြစ် လက်ခံလိုက်တဲ့ ဒီကေဘီကေ တပ်မှူးဟောင်းတချို့ကို စေလွှတ်ပြီး သူတို့အဖွဲ့အစည်းအတွင်း ဖဲ့ထုတ်စည်းရုံးမှုတွေ ရှိနေတယ်လို့လည်း ထောက်ပြထားပြီး ဒါဟာ အစိုးရရဲ့ ကောက်ကျစ်တဲ့လုပ်ရပ်လို့ ရှုမြင် ကြောင်း၊ ဒါကြောင့် အစိုးရအနေနဲ့ ဂုဏ်ုသိက္ခာရှိရှိ တနိုင်ငံလုံး ငြိမ်းချမ်းရေး ဖော် ဆောင်ဖို့လိုကြောင်းလည်း ထောက်ပြထားပါတယ်။
ဒီကေဘီအေ ကလို့ထူးဘော တပ်ဖွဲ့ဟာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံဘဲ ၂၀၁၀ နိုဝင်ဘာကစပြီး အစိုးရကို ပြန်လည်တိုက်ခိုက်နေတာဖြစ်ပါတယ်။