ရှိတ်စပီးယား ကွယ်လွန်ခြင်း အနှစ် ၄၀၀ ပြည့် အခမ်းအနား ကျင်းပ (ရုပ်သံ)

ဗြိတိန်နိုင်ငံရဲ့ အကျော်ကြားဆုံး ပြဇာတ်နဲ့ ကဗျာဆရာကြီး ၀ီလီယံရှိတ်စပီးယား ကွယ်လွန်ခြင်း အနှစ် ၄၀၀ ပြည့် အောက်မေ့ဖွယ် အခမ်းအနားတွေကို ဗြိတိန်နိုင်ငံတ၀န်းမှာ ဧပြီ ၂၃ ရက်က ကျင်းပခဲ့ကြပါတယ်။
ရှိတ်စပီးယားရဲ့ မွေးရပ်ဇာတိမြို့ဖြစ်တဲ့ Stratford-Upon-Avon မြို့ငယ်လေးမှာ အခမ်းအနား တက်ရောက်သူတွေက ရှိတ်စပီးယားပြဇာတ် ဇာတ်ကောင်တွေအတိုင်း ၀တ်ဆင်ပြီး ရှိတ်စပီးယား ပန်းခြင်းလှည်းကို မြို့တွင်းလမ်းတလျှောက် လှည့်လည်ဂုဏ်ပြုခဲ့ကြပါတယ်။
ဝီလီယံရှိတ်စပီးယားကို အင်္ဂလိပ် စာပေအနုပညာမှာ အပြောင်မြောက်ဆုံး စာပေအနုပညာရှင်အဖြစ် သတ်မှတ်ကြတာပါ။
၁၅၆၄ ခုနှစ် ဧပြီ ၂၃ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ရှိတ်စပီးယားဟာ ၁၆၁၆ ခုနှစ် သူ့မွေးနေ့ ဧပြီ ၂၃ ရက်မှာပဲ မွေးရပ်မြေမှာ ကွယ်လွန်ခဲ့ပါတယ်။
အခမ်းအနားမှာ လွန်ခဲ့တဲ့အနှစ် ၄၀၀ ပထမ အဲလိဇဘတ်ဘုရင်မလက်ထက်က ၀တ်စားဆင်ယင်မှုတွေအတိုင်း ၀တ်ဆင်ကြပြီး ရှိတ်စပီးယားရဲ့ မျက်နှာဖုံးကို ၀တ်ဆင် ဂုဏ်ပြုခဲ့ပါတယ်။
ရှိတ်စပီးယားရဲ့ စာပေအနုပညာတွေဟာ နှစ်ပေါင်း ၄၀၀ ကျော်လာတဲ့တိုင်အောင် ခေတ်စနစ်တွေ ဘယ်လိုပဲပြောင်းပြောင်း အခုခေတ်ကာလ လူတွေရဲ့ စရိုက်နဲ့ ကိုက်ညီနေဆဲဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
လန်ဒန်မြို့တော်က ရှိတ်စပီးယား ကဇာတ်ရုံတခုဖြစ်တဲ့ Globe ကဇာတ်ရုံမှာလည်း ရှိတ်စပီးယားရဲ့ အပြောင်မြောက်ဆုံးပြဇာတ်လို့ သတ်မှတ်ကြတဲ့ Hamlet ပြဇာတ်နဲ့ ဖြေဖျော်ခဲ့ကြပြီး ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ အိုဘားမားလည်း တက်ရောက်အားပေးခဲ့ပါတယ်။