မိုဘိုင်းဖုန်းအသုံးပြုနေသည့် မိခင်ကြောင့် ကလေးငယ် ကားကြိတ်ခံရပြီး သေဆုံး (ရုပ်သံ)

တရုတ်နိုင်ငံ၊ အန်ဟွီးခရိုင်၊ လူအန်းမြို့မှာ ၂ နှစ်အရွယ် လမ်းလျှောက်တတ်စ ကလေးငယ်တဦးဟာ လူနေအိမ်ရာတခုတွင်း ကားကြိတ်ခံရလို့ သေဆုံးခဲ့ရပြီးနောက် မိဘတွေရဲ့ ဂရုစိုက်မှုနဲ့ လမ်းမပေါ် လုံခြုံမှုအခြေအနေကြား အချေအတင် ငြင်းခုံမှုတွေ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့ကဖြစ်ခဲ့တဲ့ ဒီမတော်တဆမှုကို ကလေးရဲ့ မိခင်ဖြစ်သူက မိုဘိုင်းဖုန်းနဲ့ ရိုက်ယူထားနိုင်ခဲ့ကာ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ ဝေဖန်မှုတွေ ဆက်တိုက်ဖြစ်လာခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ကလေးငယ်ဟာ လမ်းမပေါ် လျှောက်သွားနေခဲ့တာကို မြင်ရပြီး မိခင်ဖြစ်သူကတော့ ကလေးနဲ့ အတော်လှမ်းလှမ်းမှာ ရှိနေခဲ့တာပါ။ အဲဒီအချိန် အိမ်ရာအတွင်း ထိုးရပ်ထားခဲ့တဲ့ အနက်ရောင်ကား မောင်းထွက်ဖို့ စတင်ခဲ့ချိန်မှာ ကလေးကို ဖြတ်ကြိတ်မိသွားခဲ့တာပါ။ ကားမောင်းသူနဲ့ ကလေးရဲ့မိခင်ဖြစ်သူတို့ ကလေးငယ်ဆီ အလျှင်အမြန်သွားရောက်ပြီး နီးစပ်ရာဆေးရုံ ပို့ဆောင်ခဲ့ပေမယ့် ကလေးငယ်ဟာ သေဆုံးသွားခဲ့တာပါ။ ဒီအဖြစ်အပျက်အပေါ် တချို့က ကလေးငယ်ကို ပြုစုစောင့်ရှောက်ရမယ့်အစား လက်ကိုင်ဖုန်းနဲ့ မှတ်တမ်းရိုက်ခဲ့တဲ့ မိခင်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ တချို့ကလည်း မိခင်တွေအနေနဲ့ တချိန်လုံး တပူးကပ်ကပ် ကလေးငယ်ကို ကိုယ်နဲ့မကွာ ထားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ငြင်းခုံကြပါတယ်။ တချို့ကတော့ ကားမောင်းသူအနေနဲ့ ကလေးငယ်မှတင်မဟုတ်ဘဲ လမ်းမပေါ်ရှိတဲ့ ဘယ်သူ့ကိုမဆို အလေးထား ကြည့်သင့်တယ်လို့ ပြောခဲ့ကြတာပါ။ ဝေဘို လူမှုကွန်ရက် အသုံးပြုသူတဦးကတော့ “ကားမောင်းသူရော မိခင်ဖြစ်သူမှာပါ တာဝန်ရှိပါတယ်။ မိခင်ကလည်း ဖုန်းကိုပဲ တချိန်လုံး စစ်ဆေးနေမယ့်အစား သူ့ရဲ့ကလေးကို စောင့်ကြည့်နေသင့်သလို ကားမောင်းသူကလည်း ကားမထွက်ခင်မှာ အနီးနား ပတ်ဝန်းကျင် အခြေအနေကို စူးစမ်းသင့်ပါတယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ခုလို မိုဘိုင်းဖုန်းကို အာရုံစိုက်နေခဲ့မှုကြောင့် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ တရုတ်နိုင်ငံမှာ မကြာသေးခင်က များပြားလာခဲ့ပြီး အခုနှစ်အစောပိုင်းကလည်း အမျိုးသမီးတဦးဟာ ဖုန်းကို အာရုံစိုက်ခဲ့လို့ ဘေးကတူးမြောင်းထဲ သတိမမူမိဘဲ ပြုတ်ကျသေဆုံးခဲ့လို့ ဝေဖန်မှုတွေ ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် လမ်းမပေါ်မှာ ကလေးငယ်တွေရဲ့ လုံခြုံရေးအခြေအနေကလည်း တရုတ်နိုင်ငံမှာ အရေးတကြီး ဂရုစိုက်ရမယ့် အချက်တခု ဖြစ်လာခဲ့တာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ခ်ျအို) ရဲ့ အစီရင်ခံစာအရ နှစ်စဉ် ခန့်မှန်းခြေ တရုတ်ကလေးငယ် ၁ သောင်းနီးပါးဟာ လမ်းမပေါ် ယာဉ်မတော်တဆမှုကြောင့် သေဆုံးနေရတယ်လို့ ဆိုပါတယ်။ မနှစ် သြဂုတ်လကလည်း ကျန်ဇီးခရိုင်တွင်းမှာ အမျိုးသားတဦးဟာ ၂ နှစ်အရွယ် သားဖြစ်သူ ကားနောက်ကို ပြေးလာတာကို သတိမမူမိခဲ့ဘဲ တိုက်မိခဲ့လို့ သေဆုံးမှု ဖြစ်ခဲ့ပါသေးတယ်။ ယာဉ်ထိန်းရဲတဦးကတော့ ဒါဟာ အတွေ့အကြုံရင့် ကားမောင်းသူတွေတောင် သတိမမူမိဘဲ ဖြစ်နေတာဖြစ်တယ်လို့ စီစီတီဗွီသတင်းကို ပြောပါတယ်။ ယာဉ်မောင်းတွေအနေနဲ့ ကားမမောင်းခင်နဲ့ မောင်းနှင်ထွက်ခွာချိန်တွေမှာ ဘေးဘီဝဲယာကို စစ်ဆေးကြည့်ရှုသင့်ပြီး လူနေအိမ်ရာတွေထဲမှာ ယာဉ်ကို အရှိန်လျှော့ မောင်းဖို့၊ ယာဉ်မထွက်ခင် ကြိုတင်စစ်ဆေးဖို့ စတာတွေကို လိုက်နာသင့်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up