ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အမိန့်ချမှတ်တော့မည်
အေးနိုင်
·
August 24, 2011
အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဗိုလ်ကြီးဟောင်း နေမျိုးဇင်အမှုကို လာမယ့် ဩဂုတ် ၂၆ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှတ်တော့မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၁၈ ရက်နေ့က အင်းစိန်ထောင်တွင်း အထူးတရားရုံးထုတ်မှာ အပြီးသတ်စစ်ဆေးမှု ပြီးစီးသွားတဲ့အတွက် တရားသူကြီးက အမှုကို လာမယ့် သောကြာနေ့ နေ့ခင်းတနာရီမှာ အမိန့်ချဖို့ ဆုံးဖြတ်ခဲ့တာလို့ ကိုနေမျိုးဇင်ရဲ့ ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။
ကိုနေမျိုးဇင်ဟာ သွေးအကူအညီပေးရေးအဖွဲ့မှာ လိုက်ပါကူညီရင်း ဧပြီလဆန်းမှာ ဖမ်းခံရပြီး ၂၀၀၄ ခုနှစ် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ (၃၃ (က) )နဲ့ စွဲဆိုစစ်ဆေးခံခဲ့ရတာ ဖြစ်ပါတယ်။
ဦးလှမျိုးမြင့်က သူ့အမှုသည်ကို အပြီးအပြတ် ပြန်လည် လွတ်မြောက် လာလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
“ဒီအမှုဟာ အမှုတရားစွဲဆိုကတည်းက မှားနေပါတယ်။ လူ့အခွင့်အရေးကို ဖောက်ဖျက်ထားတယ်ဆိုတာ အမှုစစ်ချက်တွေယူတဲ့အခါမှာ တရားဝင်ပေါ်လွင်နေတာ။ အဲဒါတွေကို ကျနော် ဥပဒေနဲ့အညီ ပြည့်ပြည့်စုံစုံ တင်ပြထားပါပြီ။ အမှုကိုလည်း အပြီးအပြတ် လွှတ်ပေးဖို့ ကျနော် တောင်းခံထားပါတယ်။ ကျနော်တို့ တရားခံဘက်တော့ လွတ်မယ်လို့ မျှော်လင့်ထားတာ။ မိသားစုရော အကုန်လုံးက ဥပဒေနဲ့အညီဆိုရင် လွှတ်ရမှာပေါ့ဗျာ။ သူတို့ စွဲထားတာက မခိုင်လုံဘူး။ သက်သေပြရန်တာဝန် သူတို့အပေါ်မှာ ကျရောက်တယ်။ သူတို့က မပြနိုင်ဘူးဆိုတော့ ဒီအမှုက လွှတ်ရမယ့် အခြေအနေ ရောက်တဲ့အကြောင်း ကျနော်တို့က ဥပဒေနဲ့အညီ အပြည့်အစုံ တင်ပြထားပါတယ်။”
ကိုနေမျိုးဇင်ဟာ ထောင်တွင်းအချုပ်မှာ ချော်လဲတဲ့ဒဏ်ရာကြောင့် ထောင်ဆေးရုံတက်နေပြီး မတ်တပ်ရပ်လို့ ထိုင်လို့ မရဘဲ လှဲနေရတယ်လို့ ပြောပါတယ်။ ချော်လဲဒဏ်ရာကြောင့် ကိုနေမျိုးဇင်ရဲ့ ခါးရိုးနံပါတ် ၅ပဲ့သွားတာကို အပြင်ဆေးရုံတွေမှာ စစ်ဆေးတွေ့ရှိပြီး ခွဲစိတ်ကုသရမယ်လို့ ဦးလှမျိုးမြင့်က ပြောဆိုပါတယ်။
ဇူလိုင်လတုန်းက အာမခံပေးဖို့နဲ့အပြင်ကို ဆေးထွက်ကုဖို့ တရားရုံးမှာ လျှောက်ထားချက်ပယ်ချခံရပေမယ့် မကြာသေးခင်ကတော့ အပြင်မှာ ဆေးထွက်ကုခွင့် အပြည့်အဝရသလို မိသားစုဝင်တွေနဲ့လည်း တွေ့ဆုံခွင့်ရတယ်လို့ ဦးလှမျိုးမြင့်က ပြောပါတယ်။