A d v e r t i s e m e n t With Us

စစ်တပ်၏ ဥပဒေမဲ့လုပ်ရပ်များ ချက်ချင်းရပ်တန့်ရန် ရခိုင်လွတ်မြောက်ရေးပါတီ တောင်းဆို

မြန်မာအစိုးရတပ်မတော်က ရခိုင်ပြည်သူတွေအပေါ် ဥပဒေမဲ့လုပ်ရပ်တွေကို ချက်ချင်း ရပ်တန့် ပေးဖို့ အစိုးရနဲ့ အပစ်ရပ်ထားတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ( ALP) က တောင်းဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အကြားတိုက်ပွဲတွေကြောင့် ဒေသခံရခိုင်လူမျိုးတွေမှာ စစ်ပြေးရှောင် ဒုက္ခသည်တွေအဖြစ် ထွက်ပြေးတိမ်းရှောင်နေရပြီး၊ စားဝတ်နေရေး နဲ့ ကျန်းမာရေး ဆိုးရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဧပြီ ၂၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် အပြစ်မဲ့ပြည်သူတွေကို အစိုးရစစ်တပ်က ပေါ်တာဆွဲတာ၊ စစ်သုံ့ပန်းတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာ၊ ဓားစာခံအဖြစ်စစ်မြေပြင်မှာ အသုံးတာ၊ အဓမ္မပြောင်းရွေ့တာတွေ လုပ်နေတယ်လို့လည်း ရခိုင်လွတ်မြောက်ရေးပါတီထုတ်ပြန်ချက်မှာရေးပါတယ်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ပြန်ကြားရေးတာဝန်ရှိသူ ဦးခိုင်မျိုးထွန်းက “အခု အခြေအနေ တွေမှာ ဒုက္ခသည်တွေရဲ့ ကျန်းမာရေး၊ စားဝတ်နေရေး တော်တော်ကို အတိဒုက္ခ ရောက်နေကြရ ပါတယ်။ ပိုဆိုးတာက မြန်မာတပ်မတော်မှ အဲ့ဒီဒေသခံတွေ စစ်သုံ့ပန်းအဖြစ် ခေါ်ယူသွားတယ်။ သတ်ဖြတ်တာတွေရှိတယ်။ ကျနော်တို့မှာ အထောက်အထား အချက်အလက်တွေ ရှိတယ်။ သူတို့က ဒါတွေကို စစ်ရာဇ၀တ်မှုတွေကို အတိအလင်းချိုး ဖောက်လိုက်တယ်။ စစ်တပ်အချင်းချင်း တိုက်ခိုက်တာကတော့ ကျနော်တို့ အနေနဲ့မပြောလိုပါဘူး”လို့ ပြောပါတယ်။ ဒါ့အပြင် ဒီလုပ်ရပ်တွေကြောင့် တိုင်းရင်းသားတွေ အားလုံးရဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို သွားမယ်ဖို့ ဆွေးနွေးနေတာတွေကို အတားအဆီးဖြစ်စေတယ်လို့လည်း ပြောပါတယ်။ အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်အကြား ဧပြီ ၁၆ ရက်နေ့ကစလို့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲ တွေကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်ပြေးဒုက္ခသည် ၁၄၀၀ ကျော်ရှိနေပြီးလို့သိရပါတယ်။ ဒါအပြင့် စစ်ပြေးရှောင် ဒုက္ခသည်တွေ အတွက်အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတာပါ။ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)ဟာ ၁၉၆၇ ခုနှစ်ကတည်း စတင်ဖွဲ့စည်းခဲ့ပြီး သီးခြား လွတ်လပ်ရေးအတွက် လက်နက်ကိုင်ပြီး အစိုးရကိုတိုက်နေခဲ့တာဖြစ်ပါတယ်။ ၂၀၁၂ ဧပြီ ၆ ရက်မှာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့ပါတယ်။ သတင်း - ၀ဏ္ဏခွာညို၊ ဓာတ်ပုံ - မင်းဘာချေ

A d v e r t i s e m e n t With Us

More News
Up