Home
မြန်မာသတင်း
အစိုးရတပ်နှင့် SSA မြောက်ပိုင်းတို့ တန့်ယန်းနယ်မြေတွင် ပူးတွဲကွင်းဆင်းစစ်ဆေးမည်
နန်းမြနဒီ
·
April 25, 2016
ရှမ်းပြည်နယ် တန့်ယန်းမြို့နယ် သံလွင်အနောက်ခြမ်းဒေသက ရှမ်းပြည်တပ်မတော် မြောက်ပိုင်းရဲ့ စခန်းတွေကိုဆုတ်ခွာပေးဖို့ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် က ညွှန်ကြားထားပြီးတဲ့နောက် နှစ်ဖက်တပ်တွေ နယ်မြေစစ်ဆေးရေး ပူးပေါင်းဆောင်ရွက်ဖို့ ရှိနေပါတယ်။ သံလွင်မြစ်အနောက်ခြမ်း လွယ်စေးနဲ့ လွယ်လန်းတောင်ပေါ်က အက်စ်အက်စ်အေ မြောက်ပိုင်းတပ် စခန်းတွေကို ဧပြီ ၂၂ ရက် နောက်ဆုံးထားဆုတ်ခွာပေးဖို့ ရမခတိုင်းမှူးက ပြောထားပြီးတဲ့နောက် အဆိုပါနေ့မှာဘဲ တိုင်းမှူးက လားရှိုးမှာ ခေါ်ယူတွေ့ဆုံကာ ပူးပေါင်း နယ်မြေစစ်ဆေးရေးလုပ်မယ့်အကြောင်း ပြောခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော်မြောက်ပိုင်း ပြန်ကြားရေးရုံးမှ စိုင်းသန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။ “လာမယ့် ဧပြီလ ၂၇ ရက်နေ့မှာ အစိုးရတပ်နဲ့ ကျနော်တို့ရှမ်းပြည်တပ်မတော်ဘက်က တာဝန်ရှိသူတွေ ပူးတွဲပြီး သံလွင်အနောက်ဘက်ခြမ်းဒေသက ဖွံ့ဖြိုးရေးလုပ်ငန်းတွေ သွားရောက် စစ်ဆေးမယ်လို့ ပြောတယ်။ ဘယ်သူတွေပါမလဲဆိုတာတော့ မသိဘူး။ ကျနော်တို့ဘက်ကလည်း ဘယ်သူသွားမလဲဆိုတာ မရွေးရသေးဘူး။ တပ်ဆုတ်ခိုင်းဖို့ အရင်ညွှန်ကြားပြီး အဲဒီနေရာမှာ နယ်မြေစစ်ဆေးမယ်ဆိုတော့ ကျနော်တို့ တပ်စခန်းတွေရဲ့ တည်နေရာကိုပါ လာကြည့် မယ်ထင်ပါတယ်။” တပ်ဆုတ်ဖို့ ညွန်ကြားထားတဲ့ နောက်ဆုံးနေ့ရက်ထိ ရှမ်းပြည်တပ်မတော်ဘက်က ဆုတ်ခွာခြင်းမရှိကြောင်း၊ တိုင်းမှူးကလည်း တပ်ဆုတ်ခိုင်းတဲ့ ကိစ္စနောက် ထပ်ညွှန်ကြားလာတာ မရှိပေမယ့် နယ်မြေထဲကို စစ်အင်အားတိုးဖြည့်တင်းလာတာရှိပြီး မနေ့ကဆိုရင် စစ်သား အပြည့်ပါတဲ့ စစ်ယာဉ်တန်း ၁၅ စီး လားရှိုးကနေ တန့်ယန်းမြို့နယ် ဟိုယကျေးရွာဘက်ကို တက်လာခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ အစိုးရတပ်က ဆုတ်ခွါဖို့ ညွှန်ကြားထားတဲ့အဲဒီဒေသမှာ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် ၄၀ လောက်ကတည်းက နေထိုင်ခဲ့တာဖြစ်ကြောင်း၊ ပြီးခဲ့တဲ့နှစ် ကလည်း တာ့ဆမ်ပူး၊ တာ့ဖာဆောင်၊ ၇ မိုင် စတဲ့ စခန်းတွေ ဆုတ်ခွာပေးခဲ့ပြီမို့ ထပ်ဆုတ်ပေး ရရင် နေစရာမရှိတော့တဲ့အတွက် ဆုတ်ပေးဖို့ အခက်အခဲရှိကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် ဗိုလ်မှူးချုပ် စ၀်စိုင်းထူးက ဒီဗွီဘီ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ SSA/SSPP ဟာ မနှစ် နှစ်ကုန်ပိုင်းက အစိုးရတပ်နဲ့ မိုင်းရှုး၊ မိုင်းနောင်မြို့နယ်တွေအတွင်း တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး သောင်းနဲ့ချီတဲ့ပြည်သူတွေ ဘေးလွတ်ရာရှောင်တိမ်းနေရာမှာ ဒီနေ့ထိ အားလုံး အိမ်မပြန်နိုင်သေးပါဘူး။ SSA/SSP ဟာ ယူအန်အက်ဖ်စီ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အဖွဲ့ဝင်ဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက် တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စာချုပ် အန်စီအေ လက်မှတ် ရေးထိုးပွဲ မှာ ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသေးပါဘူး။ SSA/SSP တည်တောင်ခြင်း ၅၂ နှစ်ပြည့် အခမ်းအနားကိုတော့ ဧပြီ ၂၄ ရက်ကပဲ ကျေးသီးမြို့နယ်တွင်းရှိ ဌာနချုပ် ၀မ်ဟိုင်းမှာ ကျင်းပသွားပါတယ်။ (ဓာတ်ပုံ - SSA/SSPP)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024