ငလျင်ကြောင့် အီကွေဒေါတွင် သေဆုံးသူ ၆၅၀ ခန့်ရှိပြီ
အီကွေဒေါနိုင်ငံမှာ အင်အား ၇.၈ မြေငလျင်လှုပ်ခတ်ခဲ့အပြီး တပတ်အကြာ ဧပြီ ၂၃ ရက်နေ့ထိစာရင်းအရ ငလျင်ကြောင် သေဆုံးသူအားလုံး ၆၄၆ ဦးရှိသွားပြီဖြစ်ပြီး ၁၃၀ လောက် ပျောက်ဆုံးနေတယ်လို့ သမ္မတ ရာဖလ်ကောရီယာက ပြောဆိုပါတယ်။
နှစ်ပေါင်း ၇၀ နီးပါးအတွင်း အီကွေဒေါနိုင်ငံမှာ လူအသေအပျောက်အများဆုံး ငလျင်ဖြစ်ပြီး နိုင်ငံတော်ပူဆွေးဝမ်းနည်းဖွယ်ရက် ၈ ရက်လည်း ကြေညာထားပါတယ်။
ပြီးခဲ့တဲ့တပတ် ဧပြီ ၁၆ ရက်နေ့က အီကွေဒေါနိုင်ငံရဲ့ အနောက်မြောက်ပိုင်းဒေသကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး လူထောင်ပေါင်းများစွာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။
တိုင်းပြည်အတွက် အခက်အခဲဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပြီး အထူးဝမ်းနည်းဖွယ်ကောင်းတဲ့ ကာလတခုဖြစ်တယ်လို့ သမ္မတကပြောဆိုပါတယ်။
အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ခဲ့တဲ့ နိုင်ငံပေါင်း ၂၇ ကိုလည်း ဂုဏ်ပြုချီးကျူးခဲ့ပြီး သူတို့တွေရဲ့ အကူအညီနဲ့ လူ ၁၁၃ ဦးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်တဲ့အတွက် အားရကျေနပ်စရာ အရေအတွက်ဖြစ်တယ်လို့ ပြောဆိုပါတယ်။