မြောက်ကိုရီးယား ရေငုပ်သင်္ဘောကနေ ဒုံးကျည်ပစ်ခတ်မှုရုပ်သံ ထွက်ပေါ်

1.3K
ရေငုပ်သင်္ဘောကနေ တိုက်ချင်းပစ်ဒုံးကျည်တစင်းကို မြောက်ကိုရီးယားနိုင်ငံက ဧပြီ ၂၃ ရက်နေ့က အရှေ့ပင်လယ်ပြင်မှာ စမ်းသပ် ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။
ဒါပေမယ့် ဒီဒုံးကျည်ပစ်ခတ်မှုဟာ အစစ်အမှန်ဟုတ်မဟုတ် ဒေသတွင်းမှာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။
တကယ်လို့ ရေငုပ်သင်္ဘောကနေ ပစ်လွှတ်တာမှန်ရင်တော့ စုံစမ်းထောက်လှမ်းရလည်းခက်ပြီး မြောက်ကိုရီးယားနိုင်ငံအတွက် ကြီးမားတဲ့ အောင်မြင်မှုတရပ်လို့ ဒေသတွင်း စစ်ရေးကျွမ်းကျင်သူတွေက ဆိုပါတယ်။
အမေရိကန်နိုင်ငံကတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ပစ်လွှတ်မှုရဲ့ မှတ်တမ်းပုံတွေဖြစ်နိုင်တယ်လို့ဆိုပြီး တခြားမြောက်ကိုရီးယားဆိုင်ရာ ကျွမ်းကျင်သူတွေကလည်း ရေငုပ်သင်္ဘောက ပစ်လွှတ်တာမဖြစ်နိုင်ပဲ၊ ရေအောက်ဒုံးကျည်ပစ်စင်ကနေပဲ ပစ်လွှတ်တာပဲဖြစ်မယ်ဆိုပြီး သံသယဖြစ်နေပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရကတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေပြီး တောင်ကိုရီးယားစစ်တပ်ကို အသင့်အနေအထား ညွှန်ကြားထားတယ်လို့ ပြောဆိုပါတယ်။
လာမယ့်လ အာဏာရအလုပ်သမားပါတီ ညီလာခံ မကျင်းပခင် ဒီဒုံးကျည်ပစ်လွှတ်မှုသတင်း ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
ကုလသမဂ္ဂအဖွဲ့ကြီးက မြောက်ကိုရီးယားနျူးကလီးယားအစီအစဉ်နဲ့ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတွေကို ၂၀၀၆ ခုနှစ်ကစပြီး ပိတ်ပင်ထားတာပါ။