ဘင်္ဂလားဒေ့ရှ် တက္ကသိုလ်ပါမောက္ခကို အစွန်းရောက်များက ဓားဖြင့်ခုတ်သတ် (ရုပ်သံ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အနောက်မြောက်ပိုင်းမှာ တက္ကသိုလ်ပါမောက္ခတဦးကို မွတ်စလင်အစွန်းရောက်တွေက ဧပြီ ၂၃ ရက်နေ့က ဓားနဲ့ခုတ်သတ်လို့ သေဆုံးသွားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အတွေးအခေါ် အလယ်အလတ်သဘောထားသူ၊ လူသိများကျော်ကြားတဲ့ ဘလော့ကာတွေ၊ ဘာသာရေးအယူအဆ အစွဲမထားသူတွေကို အရင်က တိုက်ခိုက်ခဲ့တဲ့ ပုံစံအတိုင်း သတ်ဖြတ်ခဲ့တာလို့ လုံခြုံရေးအာဏာပိုင်တွေကပြောဆိုပါတယ်။
သတ်ဖြတ်ခံရသူ အသက် ၅၈ နှစ်အရွယ် ပါမောက္ခဟာ နိုင်ငံအနောက်မြောက်ပိုင်းက ရာရှဟီ Rajshahi တက္ကသိုလ်မှာ အင်္ဂလိပ်စာပါမောက္ခတဦးဖြစ်ပြီး နေအိမ်ကနေ တက္ကသိုလ်ကို အသွားမှာ အစွန်းရောက် ၂ ယောက်၊ ၃ ယောက်က ဆိုင်ကယ်နဲ့ လိုက်လာပြီး သတ်ဖြစ်သွားတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း လွတ်လပ်တဲ့ အတွေးအခေါ်အယူအဆနဲ့ စာပေတွေကို အင်တာနက်မှာ ရေးတင်တဲ့ ဘလော့ကာ ၄ ဦးလည်း အခုလိုပဲ ဓားမနဲ့ သတ်ဖြတ်ခံကြရတာပါ။
အခုသေဆုံးသွားတဲ့ အင်္ဂလိပ်စာပါမောက္ခရဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ သူ အင်တာနက်မှာ အငြင်းပွားစရာ ဘာအကြောင်းမှ ရေးသားလွှင့်တင်တာ မရှိသလို ဘယ်ဘာသာကိုမှ မကိုးကွယ်တဲ့ ဘာသာမဲ့လည်း မဟုတ်ဘူးလို့ပြောဆိုပါတယ်။
ဒါပေမယ့် ယဉ်ကျေးမှုဆိုင်ရာလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့တာတွေ ရှိတဲ့အတွက် အဲ့ဒီကိစ္စနဲ့ မွတ်စလင်အစွန်းရောက်တွေက သတ်ဖြတ်တာ ဖြစ်နိုင်တယ်လို့ ဒေသခံရဲအရာရှိတွေက ပြောဆိုကြပါတယ်။