ကာတာ ကမ္ဘာ့ဖလား ဆောက်လုပ်ရေးအလုပ်သမားများအခြေနေ စောင့်ကြည့်မည်

၂၀၂၂ ခုနှစ် ကာတာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာဖလားအတွက် ပြင်ဆင် တည်ဆောက်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းက အလုပ်သမားတွေရဲ့ အခြေအနေကို စောင့်ကြည့်ဖို့ အဖွဲ့တဖွဲ့ဖွဲ့မယ်လို့ ကမ္ဘာဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ပြောပါတယ်။
ကာတာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စိုးရိမ်မှုတွေကို သက်သာအောင် ဖီဖာရဲ့ ကြိုးပမ်းချက်တရပ်ဖြစ်ပါတယ်။
ဖီဖာရဲ့ ကမ္ဘာဖလား ကျင်းပမယ့်နေရာ တည်ဆောက်ရေးလုပ်ငန်းတွေမှာ အလုပ်သမားတွေ အခွင့်အရေးကို အကာအကွယ်ပေးဖို့ စောင့်ကြည့် သွားမယ်လို့ ဖီဖာ ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး ကာတာကို သွားရောက်တဲ့ ပထမဆုံး ခရီးစဉ်မှာ အင်ဖာတီနိုက ပြောပါတယ်။
စောင့်ကြည့်ရေး ကော်မတီကို အမြန်ဖွဲ့စည်းမှာ ဖြစ်ပြီး ကာတာက တာဝန်ရှိသူတွေကလည်း ကြိုဆိုတယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေလုံခြုံဖို့ လုပ်ဆောင်စရာတွေ ပိုမိုရှိနေသေးတယ်လို့ ကာတာဝန်ကြီးချုပ်ကို ကိုယ်တိုင်ကိုယ်ကျ ပြောတယ်လို့ အင်ဖာတီနိုက ပြောပါတယ်။
မေလက နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာအဖွဲ့က ကာတာက အတင်းအကြပ် စေခိုင်းမှုတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။ ကာတာကတော့ ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။