ပုဂ္ဂလိကကျောင်းဥပဒေမူကြမ်း အမျိုးသားလွှတ်တော်မှာ တင်သွင်း
DVB
·
August 24, 2011
ပုဂ္ဂလိကကျောင်း ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်မှာ ပညာရေးဝန်ကြီး ဒေါက်တာမြ အေးက မနေ့က ဖတ်ကြားတင်သွင်းပါတယ်။
အမျိုးသားလွှတ်တော် ဒုတိယနေ့ အစည်းအဝေးမှာ တင်ပြတဲ့ ဒီဥပဒေမူကြမ်းအကြောင်း လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးဘုန်းမြင့်အောင်က ပြောပြပါတယ်။
“အဓိကတော့ ကျောင်းရှိသလောက်တင်လိုက်၊ တင်ပြီးရင် ထုံးစံတိုင်း အစိုးရကျောင်းပုံစံ သင်ရိုးအတိုင်းတင်ပြီး စာမေးပွဲစစ်တာလုပ်ပေါ့။ စစ်ခွင့်ရှိတယ်။ ဒါပေမယ့် ထပ်ဆောင်းဘာသာဆိုပြီးတော့ အင်္ဂလိပ်စာ သင်လို့ရတယ်။ တခြားဘာသာအတွက်က သင်ခွင့်ရှိတာကို။ ကိုယ့်တိုင်းပြည် ပညာရေးစနစ်တင် မကဘူး။ ထပ်ဆောင်းပညာရေး စနစ်ပါ လိုချင်တယ်ဆိုရင်တော့ အဲဒီကျောင်းတွေကို သွားရမှာပေါ့။
“တချို့လည်း ဒီပုဂ္ဂလိက ပညာရေးစနစ်ပေါ်ရင် သားသမီးတွေ နောင်ရေးအတွက် စိတ်ချချင်တဲ့ မိဘတွေတော့ နိုင်ငံခြားသွားတာထက်စာရင် ဒီနေရာတွေမှာ ထားတော့ ပိုစိတ်ချရတာပေါ့။ နောက်ပြီးတော့ ဒီပညာရေးကို အစိုးရ တက္ကသိုလ်တွေကလည်း အသိအမှတ်ပြုမယ်။ ကိုယ့်သားသမီးလည်း ပိုစိတ်ချရမယ်။ ခွဲခြားမှုတော့ ရှိလာမှာပေါ့။ အစိုးရကျောင်းတွေမှာလည်း ဆရာမတွေက မြေဖြူတောင်မရတဲ့ အခက်အခဲတွေ ရှိပါတယ်။”
ဒါ့အပြင် အစိုးရသင်ကျောင်းပညာရေးစနစ်လည်း တပြေးညီတိုးတက်အောင် ပညာရေးဝန်ကြီးဌာနက မဆောင်ရွက်ရင် ခွဲခြားမှုတွေ ပိုပြီးကျယ်ပြန့်လာနိုင်တဲ့အကြောင်းကို လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးဖို့ရှိတယ်လို့လည်း ဆိုပါတယ်။
ဒီနေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ရုံးဥပဒေမူကြမ်း ကိုလည်း တင်သွင်းပြီး လာမယ့်သီတင်းပတ်မှာ ဆွေးနွေးကြမှာပါ။