၈ လောင်းပြိုင် လူသတ်မှု တရားခံကို အမေရိကန်ရဲ ရှာဖွေ
အမေရိကန် ပြည်ထောင်စု၊ အိုဟိုင်းအိုး ပြည်နယ် ပိုက်ခ် စီရင်စုနယ်မြေမှာ ရှစ်လောင်းပြိုင် လူသတ်မှု တရားခံကို ရဲတွေက စုံစမ်းနေပါတယ်။
မိသားစု တခုတည်းက လူကြီး ၇ ယောက်နဲ့ ကလေး ၁ ယောက်တို့ ဦးခေါင်းမှာ သေနတ် ဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ နယ်ပိုင်လုံခြုံရေး အရာရှိနဲ့ ပြည်နယ် ရှေ့နေချုပ်တို့က ဧပြီ ၂၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တရားခံဘယ်သူဆိုတာ မသိနိုင်သေးတဲ့အတွက် တယောက်တည်းလား၊ အုပ်စု လိုက်လားဆိုတာ မသိနိုင်သေးပါဘူး။
အသတ်ခံရတဲ့ မိသားစုထဲက တပတ်အရွယ်ကလေးတယောက်၊ ၆ လအရွယ် ကလေးတယောက်နဲ့ ၃ နှစ်အရွယ် ကလေးတယောက်တို့ကတော့ အသက်မသေဘဲ ကျန်ရစ်တယ်လို့ ဆိုပါတယ်။
အသတ်အခံရသူတွေ တချို့က အိပ်ယာ ကုတင်ပေါ်မှာပဲ သေဆုံးနေတာ တွေ့ရပြီး၊ ကိုယ်ဖာသာ သေကြောင်းကြံစည်တဲ့ ပုံစံမျိုးတော့ မဟုတ်ဘူးလို့ ရှေ့နေချုပ် မိုက်ဒီဝိုင်က ပြောပါတယ်။