အင်အားရှိတဲ့နိုင်ငံအဖြစ် တည်ဆောက်ဖို့ကြိုးစားမယ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
DVB
·
April 22, 2016
မြန်မာနိုင်ငံကို ပြည်သူတွေအင်အားရှိတဲ့ အင်အားကြီးနိုင်ငံတနိုင်ငံအဖြစ်တည်ဆောက်ဖို့ ကြိုးပမ်းသွားမယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ သံတမန်တွေကို ပြောကြားလိုက်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းပြည်ပ အခြေစိုက် သံတမန်တွေနဲ့ ဧပြီလ ၂၂ ရက်နေ့က နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရဲ့ မူဝါဒတွေကို ရှင်းလင်းပြောကြားခဲ့တာပါ။
“အင်အားကြီးတဲ့နိုင်ငံတနိုင်ငံတည်ဆောက်ဖို့ ကျမတို့ ကြိုးစားနေပါတယ်။ အင်အားကြီးတယ် ဆိုတာ ပြည်သူတွေရဲ့ ခွန်အားကြောင့်ဖြစ်ပါတယ်။ ပြည်သူတွေအပေါ်ကို ကြည့်ပြီး အစိုးရရဲ့ အကြီးမားဆုံး ခွန်အားအဖြစ်ရှိနေပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေး လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ဟာလည်း ပြည်သူတွေတက်တက်ကြွကြွပါဝင်မှုတွေ မရှိဘဲ အစိုးရတခုထဲနဲ့ မလုပ်နိုင်ပါဘူး။ နိုင်ငံတွေအကြားမှာလည်း အကောင်းဆုံးဆက်ဆံရေးကို ဆောင်ရွက်နိုင်တာ ပြည်သူတွေကသာ ဖြစ်ပါတယ်။”
ဒါ့အပြင် ပြည်သူတွေရဲ့ ပူးပေါင်းမှုမပါဘဲ ဖွံ့ဖြိုးတိုးတက်ဖို့ ဖြစ်မလာနိုင်ဘူး၊ အစိုးရအနေနဲ့ လူထုတွေ တယောက်နဲ့ တယောက်အကြားမှာ မှန်ကန်တဲ့ နည်းလမ်းနဲ့ နားလည်မှုရှိနိုင်အောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
အစိုးရသစ်အနေနဲ့ လွတ်လပ်ရေးရပြီးစဉ်ကတည်းက မြန်မာနိုင်ငံမှာ ကျင့်သုံးခဲ့တဲ့ လွတ်လပ် တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ လူသားတိုင်းကိုလေးစားတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသွားမယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် သံတမန်တွေအနေနဲ့ မြန်မာလို့ခေါ်နိုင်သလို ဘာမားလို့လည်း ခေါ်နိုင်တယ်လို့လည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။
ဒီရှင်းလင်းပွဲမှာ သံအမတ်ကြီးတွေ၊ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်တွေ၊ ဒုတိယ သံအမတ်ကြီးတွေ စုစုပေါင်း ၇၀ ကျော်နဲ့ တွေ့ဆုံခဲ့တာပါ။