Homeမြန်မာသတင်း
လိုင်စင်သိမ်းခံရသည့် ရှေ့နေများ လိုင်စင်ပြန်ရရေး သတင်းစာရှင်းလင်းပွဲလုပ်မည်
လိုင်စင်သိမ်းခံရသည့် ရှေ့နေများ လိုင်စင်ပြန်ရရေး သတင်းစာရှင်းလင်းပွဲလုပ်မည်
အေးနိုင်
·
August 23, 2011
တပ်မတော်အာဏာသိမ်းအုပ်ချုပ်စဉ်ကာလအတွင်း နိုင်ငံရေးလှုပ်ရှား မှုနဲ့ ဆက်နွှယ်ပြီး ရှေ့နေလိုင်စင် ရုပ်သိမ်းခံရသူတွေက သတင်းစာရှင်းလင်းပွဲလုပ်ဖို့ ပြင်ဆင်နေပါတယ်။
ရှေ့နေများကွန်ရက်က ဒီသတင်းစာရှင်းလင်းပွဲကို ခုလ ၂၅ ရက်မှာ လုပ်ဖို့စီစဉ် ထားတယ်လို့ ဦးဆောင်စီစဉ်သူတွေက ပြောပါတယ်။
၁၉၈၈ ခုနှစ်အပြီး စစ်တပ်အုပ်ချုပ်တဲ့ကာလ ရှေ့နေလိုင်စင်ရုပ်သိမ်းခံရသူတွေထဲက ရန်ကုန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး၊ အဖွဲ့ချုပ် ဥပဒေအထောက်အကူပြုအဖွဲ့က ဦးအောင်သိန်းနဲ့ ဦးခင်မောင်ရှိန် အပါအဝင် ၆ ဦး၊ မန္တလေးက ၃ ဦး၊ ကျောက်ဆည်၊ မုံရွာ၊ မြစ်သား၊ သာစည်၊ ကလေး၊ ပဲခူး၊ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ လားရှိုး၊ လပွတ္တာ စတဲ့မြို့တွေက ဗဟိုတရားရုံးရှေ့နေ ၂၀ ကျော် စာရင်းရရှိထားပြီး တချို့ရှေ့နေတွေဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။
လိုင်စင်သိမ်းခံရတဲ့ အထက်တန်းရှေ့နေစာရင်းကိုလည်း ရှေ့နေကွန်ရက်အဖွဲ့က စာရင်းကောက်ယူနေပါတယ်။
သတင်းစာရှင်းလင်းပွဲ ရည်ရွယ်ချက်ကို လိုင်စင်သိမ်းခံထားရသူ တရားရုံးချုပ်ရှေ့နေ ဦးအောင်သိန်းက ပြောပြပါတယ်။
“‘ဒီလူတွေဟာ နိုင်ငံရေးအရ ထောင်ချခံရပြီးနောက်မှာ သူတို့ရဲ့ ရှေ့နေလိုင်စင် အသီးသီးလည်း အသိမ်းခံရတယ်။ အကြောင်းချင်းရာ တခုတည်းပေါ်မှာ မူတည်ပြီးတော့ ပြစ်ဒဏ် နှစ်ခါပေးသလို ဖြစ်နေတယ်။ ထောင်လည်း အကျခံရတယ်။ သူ့ရဲ့ အသက်မွေး ဝမ်းကျောင်း ရပ်တည်ပိုင်ခွင့်လည်း ထိခိုက်ခံရတယ်။ ဒီကိစ္စတွေကို တရားဝင် စာတင်ဖို့ အစီအစဉ်လုပ်တာပဲ။”
ဒီသတင်းစာရှင်းလင်းပွဲလုပ်မယ့်အချိန်ဟာ ကမ္ဘာ့ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာကင်တားနား မြန်မာပြည်ကို ရောက်ရှိနေချိန်ဖြစ်ပြီး သူ့ကိုလည်း တင်ပြသွားဖို့ ရှေ့နေကွန်ရက်က ပြင်ဆင်နေပါတယ်။
ပဲခူးမြို့က ဗဟိုတရားရုံးရှေ့နေ ဦးမြတ်လှဟာလည်း ၁၉၉၀ ရွေးကောက်ပွဲအပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရအပြီးမှာ သူအပါအဝင် ရှေ့နေသုံးဦးကို အာဏာပိုင်တွေက တရားစွဲပြီး ရှေ့နေလိုင်စင်ရုပ်သိမ်းခဲ့ပါတယ်။ တရားရုံးက ပြစ်ဒဏ်မချ ပေမယ့် လိုင်စင်ပြန်မပေးပါဘူး။
ဦးမြတ်လှက “ကျနော်တို့က ပညာနဲ့လုပ်စားချင်တဲ့လူတွေ၊ ကျနော်တို့က ကျောင်းဆရာလုပ်တယ်၊ ရှေ့နေလုပ်တယ်ဆိုတာ ပညာအရင်းခံပြီး လုပ်စားရတာ၊ မိသားစုကလည်း ချမ်းသာတဲ့မိသားစုမှ မဟုတ်တာ၊ အခုလို ရှေ့နေလိုင်စင်သိမ်းခံရတော့ ဒုက္ခတွေ ရောက်ကုန်တာပေါ့” လို့ ပြောပါတယ်။