မြန်မာသင်္ဘောသား ၁ ဦး ဗီယက်နမ်တွင် ပြုတ်ကျသေဆုံး
DVB
·
April 22, 2016
ကိုရီးယားအလံတင်ထားတဲ့ ကုန်တင် ပင်လယ်ကူးသင်္ဘောတစီးပေါ်မှာ မြန်မာသင်္ဘောသား တဦး သင်္ဘောဝမ်းကုန်ခန်းထဲကို သွားပြုတ်ကျ သေဆုံးသွားတယ်လို့ ဗီယက်နမ်သတင်းဌာန VNS က သတင်း ထုတ်ပြန်ပါတယ်။
ဗီယက်နမ်နိုင်ငံ ဒါနန်းကမ်းရိုးတမ်း ရေမိုင် ၁၃၀ လောက်အကွာမှာ Loihope သင်္ဘော အမည်ရှိတဲ့ ကုန်တင်သင်္ဘောပေါ်မှာ မြန်မာနိုင်ငံသား ကိုသီဟထွန်း ပြုတ်ကျသတိလစ်သွားတဲ့ အကြောင်း သင်္ဘောအေးဂျင့်က သတင်းပေးပို့တာကို ရေကြောင်းကယ်ဆယ်ရေးဌာနက ဧပြီ ၂၀ ရက်ညသန်းခေါင်ကျော်မှာ သတင်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ရေးဌာနက ဆရာဝန် ၂ ဦးပါ အရေးပေါ်ကယ်ဆယ်ရေး သင်္ဘောတစီး စေလွှတ်ခဲ့ ပေမယ့် မြန်မာသင်္ဘောသားဟာ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်မလာခင် ၂ နာရီလောက်မှာ သေဆုံးသွားတယ်လို့ ဆရာဝန်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းမှာဖော်ပြပါတယ်။
မြန်မာသင်္ဘောသားရဲ့ရုပ်အလောင်းကိုတော့ မြို့ကအထွေထွေဆေးရုံကြီးကို ကယ်ဆယ်ရေး သင်္ဘောနဲ့ သယ်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။