ကဗျာဆရာမောင်ဆောင်းခကို ၂၅ ရက်နေ့ ပြန်လည်ချိန်းဆို
DVB
·
April 22, 2016
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ ဖမ်းဆီးတရားစွဲဆိုခဲ့ထားရတဲ့ ကဗျာဆရာ မောင်ဆောင်းခ (ခေါ်) ကိုအောင်စည်သူကို ဒီကနေ့ ရွှေပြည်သာမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး ၂၅ ရက်နေ့ကို ပြန်လည် ချိန်းဆိုလိုက်ပါတယ်။
ကဗျာဆရာ မောင်ဆောင်းခဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ထိခိုက်တဲ့ ကဗျာရေးသားပြီး Facebook စာမျက်နှာမှာ တင်ခဲ့တာကြောင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။
ပုဒ်မ ၅၀၅(ခ) နဲ့ စွဲဆိုခံထားရတဲ့အမှုကို ဧပြီလ ၈ ရက်နေ့က ရုပ်သိမ်းပေးခဲ့ပြီး လက်ရှိ ပုဒ်မ ၆၆(ဃ)နဲ့ ဆက်လက်အမှုရင်ဆိုင်နေတာလို့ ကဗျာဆရာမောင်ဆောင်းခရဲ့ရှေ့နေ့ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။
ပုဒ်မ ၆၆ (ဃ)ဟာလည်း နိုင်ငံရေးအမှုဖြစ်ပြီး ဒီမှုကို မရုပ်သိမ်းပေးမယ်လို့ ယုံကြည်ကြောင်း လည်း ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။
“သက်ဆိုင်ရာက အမှုလာရုပ်သိမ်းခြင်းမရှိတဲ့အတွက် ရုံးချိန်းအဖြစ်နဲ့ ၂၅ ရက်နေ့ကို ဆက်လက် ချိန်းဆိုပေးပါတယ်။ အဲတော့ ဒီဥစ္စာကလည်း နိုင်ငံရေးအမှုပါပဲ။ ကျနော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောထားတဲ့ နိုင်ငံရေးအမှုမှာ အကျုံးဝင်နေတာဆိုတော့ ရုပ်သိမ်းရေးက ကျလာမှာဖြစ်ပါတယ်။ ကျနော်တို့ အချိန်တော စောင့်ဆိုင်းပေးရမှာပေါ့။ ရက်ပေါင်း ၃၀ တောင် မပြည့်သေးတဲ့အစိုးရတရပ်အနေနဲ့ အခုလောက်အထိတောင်အောင်မြင်အောင် ဆောင်ရွက် ပေးနိုင်တာကို ကျနော်နဲ့တကွ နိုင်ကျဉ်းများအားလုံး အထူးကျေးဇူးတင်ပါတယ်။”
အင်းစိန်ထောင်အတွင်းမှာ ကေအန်ယူနဲ့ ဆက်စပ်ဖမ်းဆီးခံထားရသူတွေလည်း အင်းစိန် ထောင်တွင်းမှာ ကျန်နေသေးပြီး အခုထိ လွတ်မလာသေးဘူးလို့လည်း ပြောပါတယ်။
သူတို့တွေ ဟာ ထောင်တွင်း ၁၀ နှစ်ကျော်နေထိုင်ရခဲ့ရပြီး မိသားစုနဲ့လည်း တွေ့ဆုံနိုင်ခြင်း မရှိတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့လည်း ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသား တော်တော် များများလွတ်မြောက်သွားတဲ့အတွက် သူတို့ကို အစားအသောက်ကူညီပေးနိုင်သူ မရှိဘူးလို့လည်း ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။