သြစတြေးလျပြတိုက် ၀န်ထမ်းများ၏ နိုင်ငံတကာပြိုင်ပွဲဝင် အကရုပ်သံဖိုင် ထုတ်လွှင့်

သြစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြတိုက် ၀န်ထမ်းတွေဟာ နိုင်ငံတကာ ပြတိုက်ဝန်ထမ်းများ အကပြိုင်ပွဲဝင် ရုပ်သံဗွီဒီယိုဖိုင်ကို ထုတ်လွှင့်ခဲ့တယ်လို့ သြစတြေးလျအခြေစိုက် အေဘီစီသတင်းဌာနမှာ ဧပြီ ၂၀ ရက်နေ့က ဖော်ပြပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ၀န်ထမ်းတွေဟာ “ဖာလက်ပ်” နာမည်ကျော် မြင်းစီးအပြေးပြိုင်ပွဲတွေမှာ လှုပ်ရှားမှုပုံစံအတိုင်း သရုပ်ဖော်ကကွက်တွေနဲ့အတူ ကပြခဲ့တာပါ။
ဝန်ထမ်းတွေဟာ အဆိုတော် ဖက်တ်ဘွိုင်းဆလင်းမ်ရဲ့ Weapon of Choice အမည်ရတဲ့ သီချင်းနဲ့အတူ ပြတိုက်တွင်း အခင်းအကျင်းတွေနဲ့အတူ သရုပ်ဖော် ကပြခဲ့ကြပါတယ်။
ဗစ်တိုးရီးယားပြတိုက်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟယ်လင်ပရိုက်ဗက်တ်က “ဒီရုပ်သံ ဗွီဒီယိုဖိုင်ကို ကျမတို့ ရုံးချိန်အတွင်းမှာပဲ ပြတိုက်ပြင်ပ အနီးဝန်းကျင်မှာ ရိုက်ကူးခဲ့တာပါ။ ခုလိုပြိုင်ပွဲတွေဟာ ပြတိုက်တွင်း ၀န်ထမ်းတွေရဲ့ နိစ္စဓူဝ လှုပ်ရှားမှုတွေကို သိမြင်လာစေပြီး ကွဲပြားခြားနားတဲ့ အခွင့်အလမ်းတွေ ရရှိလာစေပါတယ်” လို့ ပြောပါတယ်။
ခုလို ဗွီဒီယိုပြိုင်ပွဲ ကျင်းပတာဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး အင်တာနက် ဘလော့ဂ်စာမျက်နှာ When You Work At A Museum မှ စီစဉ်တာဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၁၆ ခုနှစ်မှာတော့ သြစတြေးလျ၊ ဥရောပနဲ့ မြောက်အမေရိကတလွှားမှ ပြိုင်ပွဲဝင် ရုပ်သံဗွီဒီယို ၃၅ ခု လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။
ဆုရွေးချယ်မှုဟာ ရေပန်းစားမှုမဲပေးတဲ့အပေါ် မူတည်နေတာဖြစ်ပြီး ခုထုတ်လွှင့်ခဲ့တဲ့ ရုပ်သံဗွီဒီယိုကတော့ လက်ရှိမှာ မစ်ဆူအီသမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့နောက် ဒုတိယနေရာမှာ ရှိနေတာပါ။
အနိုင်ရရှိတဲ့အဖွဲ့ကိုတော့ လာမယ့် မေလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာသွားမှာဖြစ်ပြီး အခမ်းအနား ကြီးကြီးမားမားနဲ့ ဆုချီးမြှင့်ပွဲ ကျင်းပမှာမဟုတ်သလို ပြိုင်ပွဲဝင်တွေကိုလည်း ငွေကြေးချီးမြှင့်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ပရိုက်ဗက်တ်ကတော့ “ဒီပြိုင်ပွဲမှာ အဖွဲ့ကြီးတွေရော၊ အဖွဲ့ငယ်တွေပါ ပါဝင်နေတာပါ။ နောက်ဆုံးမှာ ဘယ်သူပဲ ဆုရရှိသည်ဖြစ်စေ သူတို့ကို ကမ္ဘာ့အကောင်းဆုံး ပြတိုက်ဝန်ထမ်း အကသမားတွေအဖြစ် ချီးကျူးရမှာပါပဲ” လို့ ပြောပါတယ်။