ထိုင်းအစိုးရက အလုပ်သမား ပူးပေါင်းဆောင်ရွက်ရေးစင်တာများ ဖွင့်လှစ်ရန်စီစဉ်
DVB
·
August 23, 2011
လူကုန်ကူးမှု၊ အလုပ်သမား မလုံလောက်မှု၊ တရားမဝင် အလုပ်သမားငှားရမ်းမှု စတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ထိုင်းအစိုးရက အလုပ်သမား ပူးပေါင်းဆောင်ရွက်ရေးစင်တာ ၇ ခုကို မြန်မာအလုပ်သမား အများဆုံးရှိတဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
ဒီစင်တာတွေကို အမျိုးသား ငါးဖမ်းလုပ်ငန်းအသင်းနဲ့ ပူးပေါင်းဖွင့်လှစ်မယ်လို့ ထိုင်းအစိုးရ အလုပ်သမားလူမှုဖွံ့ဖြိုးရေးနှင့် လူသားဖြစ်တည်မှု လုံခြုံရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ကြေညာပါတယ်။
[caption id="attachment_14614" align="alignright" width="300" caption="ကိုမိုးဝေ"][/caption]
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေးနဲ့ ပညာရေးဖောင်ဒေးရှင်း FED က အလုပ်သမားရေးရာတာဝန်ခံ ကိုမိုးဝေက အခုလို ရှင်းပြပါတယ်။
"အလုပ်သမားတွေရဲ့ ကိုယ်စားလှယ်ကိုယ်တိုင် ဒီစင်တာရုံးမှာရှိနေဖို့၊ အခက်အခဲအကြောင်းအရာ တခုခုရှိရင် ကျနော်တို့ပြန်ရှင်းပြနိုင်ဖို့၊ ကျနော်တို့အလုပ်သမားဘက်ကပဲမှားလား၊ အလုပ်ရှင်ကပဲမှားလား၊ အစိုးရဌာနဘက်ကပဲ တချို့ကပဲနားလည်မှု မပေးတာလား၊ အဲဒါတွေကိုနားလည်ဖို့ဆိုရင်ကျနော်တို့အဲဒီလို စင်တာတွေရှိနေဖို့လိုတယ်။ အဲဒါကိုလည်း အစီရင်ခံစာတစောင်အဖြစ် ဝန်ကြီးဌာနကို တင်သွင်းထားတာလည်း ရှိတယ်လေ။ တင်ပြတဲ့အချိန်မှာ အဲဒါကို ဝန်ကြီးဌာနအားလုံးက လက်ခံတယ်ဗျာ။ သူတို့ အဲဒါကိုအကောင်အထည်ဖော်မယ် ဆိုပြီးတော့ ဒီနှစ်စကတည်းက စလုပ်ထားပြီ။"
ဖွံ့ဖြိုးရေးနဲ့ ပညာရေးဖောင်ဒေးရှင်း FED နဲ့ ထိုင်းအာဏာပိုင်အဖွဲ့အစည်း ကိုယ်စားလှယ်တွေပါဝင်ပြီး ဇူလိုင်လလယ်ကပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရဌာန သုံးပွင့်ဆိုင်ပါဝင်တဲ့ အလုပ်သမား စင်တာတွေဖွင့်လှစ်ပေးရေးအဆိုတွေကို အားလုံးက သဘောတူခဲ့ကြပြီးတဲ့နောက် ဒီစင်တာတွေ ဖွင့်လှစ်ဖို့ ထိုင်းအစိုးရက သတင်းထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဒီလ ၈ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ လူကုန်ကူးမှုဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စစ်ဂျွိုင်း ငိုဇီ အီဇေလိုက ထိုင်းနိုင်ငံအတွင်း လူကုန်ကူးမှုတွေကို လာရောက်စစ်ဆေးခဲ့တာတွေနဲ့လည်း တိုက်ဆိုင်နေပါတယ်။