ကမ္ဘာ့အသက်အကြီးဆုံး ခွေးမကြီး သေဆုံး

ဓာတ်ပုံ - ယူကျု
1K
သြစတြေးလျနိုင်ငံမှ မက်ဂီအမည်ရတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ခွေးမကြီးဟာ ဧပြီ ၁၇ ရက်နေ့ ညပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ ဗြိတိတ်အခြေစိုက် အိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။
မက်ဂီဟာ သေဆုံးချိန်မှာ အသက် ၃၀ အရွယ် (ခွေးသက်တမ်း ၁၃၃ နှစ်) ရှိနေပြီလို့ ဆိုပါတယ်။
မက်ဂီရဲ့ ပိုင်ရှင်ဖြစ်သူဟာ ဗစ်တိုးရီးယား နို့စားနွားမွေးမြူရေးပိုင်ရှင် ဘရိုင်ယန်မက်က်လာရင်ဖြစ်ပြီး သူဟာ ခြံထဲမှာပဲ ကြီးပြင်းလာခဲ့တာပါ။
“မက်ဂီဟာ အသက် ၃၀ ရှိနေပါပြီ။ ပြီးခဲ့တဲ့တပတ်လောက်ထိ သူဟာ ကျန်းကျန်းမာမာပါပဲ။ ခြံထဲကနေ ရုံးခန်းဆီ ပြေးလိုက်သွားလိုက်ပါပဲ။ လွန်ခဲ့တဲ့ ၂ ရက်လောက်ကတော့ သူဟာ တောင်စောင်းတွေဆီ သွားခဲ့တယ်။ မနေ့က နေ့လယ်ပိုင်းမှာ ကျနော်ထမင်းစားပြန်ပြီးနောက် ညပိုင်းမှာတော့ မက်ဂီ သေသွားခဲ့ပါတယ်။ ကျနော် ၀မ်းနည်းမိပါတယ်။ ဒါပေမယ့် ဒီလမ်းအတိုင်းပဲ သူသွားရမှာပါပဲ။”
ဘရိုင်ယန်ဟာ မက်ဂီကို မွေးမြူခဲ့ချိန်က စာရွက်စာတမ်းတွေ ပျောက်ဆုံးခဲ့ရတဲ့အတွက် သူ့ရဲ့အသက်ကို တရားဝင်မပြောနိုင်ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် သူ့ရဲ့အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ သားဖြစ်သူ ၄ နှစ်အရွယ်တည်းက ၀ယ်ယူမွေးစားခဲ့တာဖြစ်လို့ နှစ်ပေါင်း ၃၀ ရှိနေပြီလို့ ဘရိုင်ယန်က ပြောပါတယ်။
မက်ဂီဟာ အသက်အရွယ် ကြီးနေပြီဖြစ်တဲ့အတွက် သေဆုံးချိန်မှာ ကောင်းစွာ မမြင်ရတော့ဘဲ နားတွေလည်း လေးနေပြီလို့ သတင်းမှာ ဖော်ပြပါတယ်။