A d v e r t i s e m e n t With Us

အစိုးရသစ်နှင့် တပြည်လုံးအပစ်ရပ်ရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးရန် ယူအန်အက်ဖ်စီ ပြင်ဆင်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၉ ဖွဲ့ မဟာမိတ်အဖြစ်ပူးပေါင်းပါဝင်တဲ့ ယူအန်အက်ဖ်စီ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီအဖွဲ့ဟာ အစိုးရသစ်နဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်ရေး၊ ငြိမ်းချမ်းရေးကိစ္စတွေပါ ဆွေးနွေးဖို့ ကြိုတင်ပြင်ဆင်နေပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေပြောင်းလဲလာတဲ့အပေါ်မှာ အန်အယ်လ်ဒီအစိုးရနဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်ရေးဆွေးနွေးဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စဆွေးနွေးနိုင်ဖို့ မျှော်လင့်ပြီး ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ဖွဲ့စည်းကာ ကြိုတင်ပြင်ဆင်နေကြတာလို့  ယူအန်အက်ဖ်စီ ဒုဥက္ကဌ - ၁ နိုင်ဟံသာက ဒီဗွီဘီကို ပြောပါတယ်။ “အစိုးရသစ်နဲ့ ဆွေးနွေးရဖို့ ကျနော်တို့ မျှော်လင့်တယ်၊ အဲဒီအတွက် ပြင်ဆင်ထားတာပါ။ အဲဒီမှာ ယူအန်အက်ဖ်စီအနေနဲ့    ဒီပီအန် Delegation for Political Negotiation (DPN) လို့ ခေါ်တဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့ထားတယ် ။ အဲဒီအဖွဲ့ အနေ နဲ့က သူတို့က လာမယ့်အစိုးရဘက်ကနေပြီးတော့မှ တွေ့ဆုံဆွေးနွေးဖို့ ခေါ်လာရင် သူတို့ ကနေပြီး ဆွေးနွေးနိုင်ဖို့ပေါ့။ သူတို့ပြင်ဆင်ထားတဲ့ အချက်အလက်တွေ၊ စာတမ်းတွေပေါ့၊ အဲဒါကို ယူအန်အက်ဖ်စီ ခေါင်းဆောင်တွေကို ဗဟိုအလုပ်အမငဆောင်တွေကို တင်ပြတာပေါ့နော်။ ဒါက ယူအန်အက်ဖ်စီ ဗဟိုအလုပ်အမှုဆောင်ရဲ့ တိုးချဲ့အစည်းအဝေးလေ၊ အဲဒီအဖွဲ့ပေါင်းစုံကနေပြီးတော့မှ သုံးသပ်ပြီး အတည်ပြုပေးလိုက်ရင် သူတို့က စာတမ်းတခုရသွားတာပေါ့။ သွားဆွေးနွေးတဲ့အခါမှာ အဲဒါကို အခြေခံနိုင်ဖို့ပေါ့။” ယူအန်အက်ဖ်စီက ဖွဲ့ထားတဲ့ ဒီပီအန်ထဲမှာ ခူဦးရယ် ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၃ ဦးပါဝင်ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မှာ ဧပြီလ ၁၉ ရက်ကနေ ၂၁ ရက်နေ့ထိ ၃ ရက်တာ ကျင်းပနေတဲ့ ဒီဆွေးနွေးပွဲမှာ ယူအန်အက်ဖ်စီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)၊ မွန်ပြည်သစ်ပါတီ (အန်အမ်အက်ဖ်စီ)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (အက်စ်အက်စ်အေ/အက်စ်အက်စ်ပီပီ)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ)၊ ကိုးကန့်တပ်ဖွဲ့ (အမ်အန်ဒီအေအေ)၊ ရခိုင်အမျိုးသားကောင်စီ ( အေအန်စီ)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (အယ်လ်ဒီယူ) နဲ့ ၀ အမျိုးသားအဖွဲ့ (ဒဗလျူအန်အို) က ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။ ယူအန်အက်ဖ်စီဟာ ပြီခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်က တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးစာချုပ် မူဘောင်ရေးဆွဲရာမှာ အစအဆုံးထိ ပါဝင်ခဲ့ပေမယ့်လည်း အဖွဲ့ဝင်တချို့က အပစ်ခတ်ရပ် လက်မှတ်ရေးထိုးဖို့ ကမ်းလှမ်းခြင်း မခံခဲ့ရတာကြောင့် ဒီဇင်ဘာ ၁၅ ရက်နေ့က ကျင်းပတဲ့ တပြည်လုံး အပစ်ခတ်ရပ်လက်မှတ်ရေးထိုးပွဲမှာ ပါဝင်ခြင်းမရှိခဲ့ပါဘူး။ အပစ်ခတ်ရပ်လက်မှတ်ရေးထိုးဖို့ ကမ်းလှမ်းခြင်းမခံရတဲ့ အဖွဲ့ထဲမှာ လက်ရှိအစိုးရတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရက္ခိုင့်တပ်မတော် (အေအေ)၊ တအာင်းပလောင်တပ်ဖွဲ့ (တီအန်အယ်လ်အေ)  နဲ့ ကိုးကန့်တပ်ဖွဲ့ (အမ်အန်ဒီအေအေ) တွေ ပါဝင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up