Home
မြန်မာသတင်း
သင်္ကြန်အစိုးရ ရုံးပိတ်ရက် မထသ ယာဉ်လိုင်းများ ယာဉ်စီးခ ပိုမိုကောက်ခံ
DVB
·
April 20, 2016
မထသဗဟိုက ယာဉ်စီးခတွေ ပိုမကောက်ရဘူးလို့ ပြောထားပေမယ့် ကြို့ပင်ကောက်မြို့မှာ သင်္ကြန်အစိုးရရုံးပိတ်ရက်အတွင်း ကားခတွေ ပိုကောက်ခံနေပါတယ်။ ယာဉ်စီးခပိုမတောင်းရဘူးလို့ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ (မထသ) ဗဟိုက ပြောထားပေမယ့် ပဲခူးတိုင်း ကြို့ပင်ကောက်မြို့က ရန်ကုန်နဲ့ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေဟာ ကားခတွေပိုတောင်းနေတယ်လို့ သင်္ကြန်အစိုးရရုံး ပိတ်ရက်ပြန်သူ ဒေသခံတွေက ပြောဆိုလိုက်တာပါ။ ကြို့ပင်ကောက်ဒေသခံ ကိုမင်းမင်းက “အလုပ်ကရှားပါးတော့ ရန်ကုန်မှာပဲ တက်လုပ်ရတာ။ ဒါပေမယ့် လာရတဲ့အခါကျတော့ မရှိတဲ့လူတွေအဖို့မှာ အခက်အခဲတွေက အများကြီးရှိတယ်။ ကားဈေးတွေက အရမ်းတက်တော့ အခက်အခဲတွေအများကြီးရှိတယ်။ သူတို့အဖို့မှာလည်း ကားတွေကျပ်တာ အပန်းတော့မကြီးပါဘူး ဈေးတက်တာ။ ဒါပေမယ့် အဲလောက်ကြီးကျတော့ မဖြစ်သင့်ဘူးပေါ့။ ၄၀၀၀၊ ၄၅၀၀ ဆိုရင်မဆိုးပါဘူး။ မရှိတဲ့လူတွေအဖို့မှာ အခက်အခဲတွေ အများကြီးရှိတယ်” လို့ ပြောပါတယ်။ ပုံမှန်ဈေး ၃၀၀၀ ကနေ ၆၀၀၀ လောက်အထိ ကားခတွေကို တိုးကောက်ခဲ့တယ်လို့ ပြောဆိုလိုက်တာပါ။ ကြို့ပင်ကောက်ဒေသခံ ကိုဝင်းမင်းသူကလည်း “သွားရတာတော့ သင်္ကြန်တွင်းအချိန်အခါ သိပ်ပြီးအဆင်ပြေလှတယ် မရှိပါဘူး။ ကားခတွေကလည်း အရင်ဈေးနှုန်းအတိုင်း မဟုတ်ဘဲနဲ့ ပုံမှန်ထက်ပိုများနေတာတွေ ရှိပါတယ်။ ဒီလိုပဲ သည်းခံပြီးသွား နေရများပါတယ်” လို့ ပြောပါတယ်။ ဒါပေမယ့် ကြို့ပင်ကောက်မြို့နယ် မော်တော်ယာဉ်အသင်းက ယာဉ်ကြီးကြပ်စစ်ဆေးရေး မှူးဖြစ်သူ ဦးမြင့်ကြိုင်ကတော့ ပုံမှန်ဈေးအတိုင်းပဲ ဆောင်ရွက်ပေးနေတာလို့ ပြောပါတယ်။ “ကျနော်တို့အထက်ဌာနတွေကလည်း ညွှန်ကြားချက်ပေးထားပါတယ်။ ကားလက်မှတ်တွေ အခါတိုင်းဈေးနှုန်းတွေထက် မတက်ဖို့အတွက် ကျနော်တို့ကလည်း ဂိတ်တွေကို ကားသမားတွေနဲ့ ညှိနှိုင်းပြီးတော့ ပုံမှန်ဈေးအတိုင်းပဲ ဆောင်ရွက်ပေးနေပါတယ်။ ခရီးသည်တွေလည်း အားလုံးသွားလာ ရေးအဆင်ပြေအောင်ပေါ့။” မထသယာဉ်လိုင်းတွေ ယာဉ်စီးခပိုမိုတောင်းခံတာတွေကို ခရီးသည်တွေက တိတိကျကျ တိုင်ကြားလာရင် စစ်ဆေးအရေးယူသွားမယ်လို့ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ၊ မထသဗဟိုဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားထားပါတယ်။ ဒါပေမယ့် သင်္ကြန်အတွင်း အစိုးရရုံးပိတ်ရက်တွေမှာ မြန်မာနိုင်ငံအနှံ့ ကားခတွေက ဈေးတွေ အဆမတန်တက်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024