Home
ဆောင်းပါး
ကျောင်းသင်ရိုးထဲက အပြာရောင်ပြတိုက်
DVB
·
April 20, 2016
(မျိုးဆက်များအတွက် ဟံသာဝတီဦးဝင်းတင်ရဲ့  ကျင့်ဝတ်၊ ဒဿနနဲ့ ဒီမိုကရေစီရေးအတွက် မဆုတ်မနစ် ပေးဆပ်ခဲ့ခြင်းများဟာ ဆက်လက်ရှင်သန်နေစေဖို့..... ကျောင်းသင်ရိုးညွှန်းတမ်းများ အတွက် မဖြစ်မနေ ထည့်သွင်းရမယ့် စံပြု အတ္ထုပ္ပတ္တိတစ်ပုဒ်၊) ဘ၀တစ်လျှောက်လုံးကို မိမိယုံကြည်ရာ အလုပ်နဲ့ နိုင်ငံ့အတွက် ပေးဆပ်စွန့်လွှတ်ရင်း တရစပ် လုပ်ဆောင်နိုင်စွမ်း ရှိခဲ့သူတွေထဲမှာ မျက်မှောက်ခေတ်သမိုင်းထဲက အထင်ကရ တစ်ယောက်ဖြစ်ပါတယ်။ မျိုးဆက်များစွာတို့က အလေးအနက်ထားလို့ သူ့ရဲ့ အတ္ထုပ္ပတိကို ဆက်လက် ရှင်သန်၊ သူ့ရဲ့ ဒဿအတွေးအမြင်များနဲ့ အကျင့်အကြံများကို ကူးစက်စေပြီး သူမျှော်မှန်းခဲ့တဲ့ လူ့အဖွဲ့အစည်းအတွက် အလုပ်လုပ်နိုင်ဖို့ကတော့ ရှင်သန်နေကြဆဲသူများရဲ့ တာဝန်ဝတ္တရားလို့ ယုံကြည်မိပါတယ်။ ပြည်သူ့မျက်နှာနဲ့ လူထု အကျိုးစီးပွား တစ်ခုတည်းကို ဦးထိပ်ပန်ဆင်ပြီး သူရသတ္တိ အပြည့်အ၀၊ စာနာတရား၊ သည်းခံခြင်း ခန္တီတရားများနဲ့ တော်လှန်ခဲ့သူ အရေးတော်ပုံ တပ်သားကြီးကတော့ ၂၀၁၆ ခုနှစ် ဧပြီလ ၂၁ ရက်ဆိုရင် ကွယ်လွန်ခဲ့တာ နှစ်နှစ်ရှိခဲ့ပါပြီ။ စာသင်ခန်းများရဲ့ အရေးကြီးလှတဲ့ တာဝန်တစ်ရပ်ကတော့ လက်ဆင့်ကမ်း ရှင်သန်စေသင့်တဲ့ စံတန်ဖိုးများကို ဆွေးနွေးသင်ကြားပေးဖို့ရာဖြစ်ပါတယ်။ စံပြုဖွယ်ရာ လူပုဂ္ဂိုလ်ကျော်များရဲ့  အတ္ထုပ္ပတ္တိစာပေများဟာ ပညာရေးအတွက် တန်ဖိုးမြင့်မားလှတယ်။ အငြင်းပွားဖွယ်ရာ များများစားစား မရှိတဲ့ စံပြုထိုက်သူ အကျော်အမော် တစ်ဦးတစ်ယောက်ကို ရရှိဖို့ရာကလည်း ရာစုနှစ်များအတွင်းမှာ ရှားရှားပါးပါးလို့ ဆိုနိုင်ပါတယ်။ အဝေးခေတ်၊ အနီးခေတ်၊ မျက်မှောက်ခေတ် နိုင်ငံရေး၊ လူမှူရေး၊ စီးပွားရေး၊ နည်းပညာ၊ စာပေအနုပညာနဲ့ ရပ်ကျိုးရွာကျိုးကို စွန့်လွှတ်စွန့်စား ထမ်းရွက်ခဲ့သူများရဲ့ ဘ၀နဲ့ ခေတ်သမိုင်းတွေထဲမှာ မျိုးဆက်တို့အတွက် လေ့လာစရာ တပုံတပင် ပါရှိနေတဲ့အတွက် ပညာရေးက လက်ဆင့်ကမ်းသင်ကြားပေးဖို့ တာဝန်ကို မပျက်ကွက်သင့်ပါဘူး။ သူတို့တွေရဲ့ ရိုးသားဖြောင့်မတ်ခြင်း၊ တည်ကြည်ခြင်း၊ သူရသတ္တိနှင့် နှလုံးရည်ပြည့်ဝခြင်း၊ ကိုယ်ကျိုးကို မငဲ့ခြင်း၊ ကျင့်ဝတ်နီတိနဲ့ လောကပါလတရားများကို ဦးရွက်ခြင်း၊ နိုင်ငံသားတာဝန်ဝတ္တရားများကို ခေတ်ရဲ့ တောင်းဆိုချက်အရ ကျေပွန်ခဲ့ခြင်းတွေဟာ သင်ရိုးမာတိကာတွေပါ။ အသက် ၈၄ နှစ်အရွယ် လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ကွယ်လွန်ခဲ့တာဟာ ဓမ္မတာအရ မဆန်းပေမယ့် သူ့ရဲ့ စာပေဒဿန၊ လွတ်မြောက်ရေးလှုပ်ရှားမှုများနဲ့ စစ်ပဒေသရာဇ်များနဲ့ လုံးဝ ကင်းရှင်းစွာ ကြံ့ကြံ့ခံ ရပ်တည်ခဲ့မှုကတော့ မျိုးဆက်များအတွက် အင်မတန်မှကို ကြီးမြတ်လှတဲ့ အတ္ထုပ္ပတ္တိစာအုပ်တစ်အုပ်လို့ ပြောနိုင်ပါတယ်။ မျိုးဆက်များဟာ ခေတ်ဝန်ကိုထမ်းလို့ ခေတ်လမ်းကို လျှောက်လှမ်းရဲကြဖို့ကိုလည်း လမ်းညွှန်ခဲ့သူပါ။ နိုင်ငံရေးလောကဓံကို မတုန်လှုပ်ခဲ့သူ၊ စာနယ်ဇင်းကို ဘ၀ပေးလုပ်ခဲ့သူက သတင်းလောက၊ စာနယ်ဇင်း သတင်းသမားများအတွက် အမှတ်တရ အမှာစကားကို ပြောကြားခဲ့တဲ့အထဲမှာ မျိုးဆက်သစ်လူငယ်များ၊ ကျောင်းသားများအတွက် အတုယူလိုက်နာဖွယ်ရာတွေ ရှိနေတယ်။ “…သတင်း လုပ်တဲ့နေရာမှာ တတ်နိုင်သမျှ အချိန်များများပေးပါ၊ မြှုပ်လုပ်ရမှာပဲခင်ဗျ၊ မြှုပ်မလုပ်ပဲနဲ့ နာမည်ကြီးရရုံ ပိုက်ဆံရရုံ၊ ထင်ပေါ်ကြော်ကြားရုံဆိုတာ… ဒါတွေက အရေးမကြီးဘူးလို့ ကျနော် ပြောချင်ပါတယ်။ ဒါတွေအတွက်လည်း သိပ်ပြီးတော့ အာရုံမစိုက်ပါနဲ့၊ ဘ၀ကို မြှုပ်ပြီးတော့ မလုပ်ရင်တော့ သတင်းစာသမားမဖြစ်ဘူးခင်ဗျ၊ အဲဒါတစ်ခု..။ နောက်တစ်ခုက ဘ၀ကိုမြှုပ်ပြီးလုပ်ရမယ်ဆိုတဲ့ဟာနဲ့အညီ တတ်နိုင်သမျှတော့ အမှန်ကိုလုပ်မယ်ဆိုတဲ့ဟာပေါ့။ အမှန်ဖက်ကပဲ ရပ်တည်မယ်။ အမှန်တရားကို ကိုင်စွဲသင့်ပါတယ်။ နောက်တစ်ခုကတော့ လောကမှာ တရားတာနဲ့၊ မတရားတာရှိပါတယ်၊ တရားတဲ့ဖက်ကပဲ လိုက်နိုင်အောင် ကြိုးစားပါ။ မတရားတဲ့အလုပ်တွေကို၊ မတရားတဲ့အမှုတွေကို ဖေါ်ထုတ်ဖို့၊ ဆန့်ကျင်ဖို့… အဲဒါကိုပဲ အမြဲတမ်း စိတ်အာရုံစိုက်ပါလို့ ကျွန်တော် ပြောချင်တယ်။ နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ ဘာပဲပြောနေနေ ရုန်းကန်မှုကိုတော့ မလျော့ပါနဲ့။"" မကွယ်လွန်မီတွင် လပိုင်းအလိုမှာ အနာဂတ် မျိုးဆက်များအတွက် တခုတ်တရ အထူးအမှာစကားလို့ ဆိုရပါမယ်။ အချက်အလက်မှန်ကန် တိကျမှုအပေါ်မှာ ဆရာကြီးဟာ တန်ဖိုးထားလို့ သတင်းဆောင်းပါးတွေကို ရေးသားခဲ့သူပါ။ လူမှုပတ်ဝန်းကျင်ကို ဝေဖန်ပိုင်းခြား ခွဲခြမ်းစိတ်ဖြာ ရှုမြင်သုံးသပ်ခဲ့တယ်။ အကျပ်အတည်း ကာလ၊ စာပေနဲ့ နိုင်ငံရေးအမှောင်ခေတ် ဟံသာဝတီဦးဝင်တင်ရယ်လို့ နာမည်တစ်လုံးကို ရှင်သန်စေခဲ့၊ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါတယ်။ မိမိဝါသနာပါရာ အတတ်ပညာနဲ့ အလုပ်အကိုင်အပေါ်မှာ ဘ၀နဲ့ ထပ်တူ ထားဖို့၊ မြှုပ်နှံလုပ်ဆောင်ဖို့ကို လမ်းညွှန်ထားတယ်။ တလွဲအတုယူ၊ တလွဲတွေးခေါ်နေကြတဲ့ ဒီခေတ်ကြီးထဲမှာ နာမည်ကြီးရုံမျှသာ မလုပ်ဖို့ကိုလည်း အဖိုးက ဆုံးမပါတယ်။ ပိုမို လိုအပ်နေဆဲ အမှန်တရားဖက်က ရပ်ခံပေးကြဖို့ဆိုတာကတော့ ကျောင်းသားလူငယ်တိုင်းရဲ့ ရင်ဘတ်များထဲမှာ အမြဲတစေ ရှင်သန်နေသင့်တဲ့ တရားပဲဖြစ်တယ်။ ဒီအတွေးအမြင်နဲ့ အကျင့်အကြံတွေ ရှင်သန်နေအောင်လို့ ကျွန်တော်တို့ မီဒီယာသမားတွေ၊ ပညာရေးသမားတွေ၊ ကျောင်းဆရာဆရာမတွေက အဓိက တာဝန်ယူသင့်တယ်။ ခေတ်လူငယ်မျိုးဆက်သစ်တွေဟာ ဒီအတွေးအမြင်တွေကို လေ့လာခွင့်ရဖို့ လိုအပ်နေပါတယ်။ ကျောင်းစာသင်ခန်းများက အဓိက တာဝန်ယူသင့်တယ်လို့ ကျွန်တော် ယူဆပါတယ်။ သင်ရိုးညွှန်းတမ်းမှာ၊ အထူးသဖြင့် လူမှုရေးဘာသာနဲ့ ပြည်သူ့နီတိတို့လို ဘာသာရပ်တွေမှာ မသင်မနေရ ထည့်သွင်းသင့်တယ်။ အမှောင်ခေတ်ထဲမှာ ပေးဆပ်စွန့်လွှတ်ခဲ့သူများနဲ့လည်း ပတ်သက်ပြီး ဆရာ့ရဲ့ အမြင်ကို အခုလို ခံစား ဖော်ထုတ်ပြခဲ့ပါတယ်။ “မကြားဖူးတဲ့ နာမည်တွေ အများကြီး ရှိသေးတယ်။ အညတရတွေ…၊ ကျောင်းသားလူငယ်တွေ၊ ဘ၀တွေ ပျက်ကြတယ်။ နိုင်ငံခြားထွက်ပြေးတဲ့သူကလည်း ရှင်းရှင်းပြောရရင် သူ့ဘ၀ ပျက်တာပဲဗျ။ သူ ဟိုမှာတော့ ထမင်းကောင်း ဟင်းကောင်း စားနေရမယ်ပေါ့ဗျာ။ စာသင်ရရင် သင်ရမယ်။ ဒါပေမယ့် သူ့မိသားစုနဲ့ သူဘ၀က ဇာတိမြေနဲ့ ခွါရတာပဲ။ ဘ၀ပျက်တာပဲ။ အလားတူပဲ ဒီမှာရှိတဲ့ ကုန်သည်၊ လယ်သမား၊ ကျောင်းသားတွေလည်း ဘ၀ပျက်ကြရတာပါပဲ။ ဒီစစ်အစိုးရကြောင့် အကုန်လုံး ဘ၀ပျက်နေတဲ့ အချိန်မှာ ကိုယ်က ဟီးရိုးဆိုတဲ့ဟာ မရှိပါဘူး။ ကျွန်တော့်ကို ကျွန်တော် အမြဲတမ်း သုံးတဲ့စကားရှိတယ်။ အရေးတော်ပုံတပ်သားလို့။ အရေးတော်ပုံထဲ ၀င်တာ၊ ခေါင်းဆောင်လုပ်ဖို့ ၀င်တာမဟုတ်ဘူး။” မိမိအပေါ်မှာ အာဏာပိုင်များက သွားများ ကျိုးကြေပြုတ်ထွတ်သည်အထိ ပြုမှုရိုင်းပြခဲ့မှုများ၊ ရုန့်ရင်း ကြမ်းတမ်းမှုများနဲ့ ရက်စက်မှုများကို စာများစွာ မဖွဲ့ခဲ့ပါဘူး။ ဒါပေမယ့် လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးအကျဉ်းသားများနဲ့ ဖမ်းဆီးခံ ကျောင်းသားလူငယ်များအတွက် ပိုမိုလို့ စိုးရိမ်စိတ်ကြီးခဲ့တာကို "ဘာလဲဟဲ့ လူ့ငရဲ" စာအုပ်မှာ ထင်ရှားစေခဲ့တယ်။ ဖိနှိပ်ရက်စက်မှုများကို အဆုံးသတ်စေဖို့အတွက် စိတ်ဆန္ဒပြင်းပြခဲ့ပါတယ်။ အရေးတော်ပုံမှာ ကိုယ်စီ ပါဝင်ကြဖို့နဲ့ ဟီးရိုးမလုပ်ဖို့ရာကိုလည်း သတိပေး လမ်းညွှန်ခဲ့တာကို နိုင်ငံအကျင့်အနေနဲ့ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်များက ပုံဖော်ရပါလိမ့်မယ်။ ရက်စက်လွန်းတဲ့ စစ်ပဒေသရာဇ်များနဲ့ အကျိုးတူ စီးပွားဖြစ် မပူးပေါင်းသမျှ ကျွန်တော်တို့ရဲ့ မျိုးဆက်များဟာ ဦးဝင်းတင်ရဲ့ လွတ်မြောက်ခြင်း ဒဿနဲ့ ရှင်သန်နေထိုင်သူတွေပါပဲ။ အဲဒီအတွက်လည်း ကျွန်တော်တို့ရဲ့ ကျောင်းသားလူငယ်များဟာ အမြဲတမ်း အနိုင်ရရှိနေမယ်။ အုတ်တစ်ချပ်၊ သဲတစ်ပွင့်ထက် ပိုမိုတဲ့ စွမ်းဆောင်ရည်နဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းကို ရင်ဘတ်များထဲမှာ ပျိုးထောင်နေကြတာပါ။ နောင်မျိုးဆက်များစွာအတွက် ချန်ထားရစ်နိုင်တဲ့ အပြာရောင်သူရဲကောင်း မြန်မာအဖိုးအိုကို အကောင်းဆုံး ဂုဏ်ပြုခြင်းလည်းဖြစ်ပါလိမ့်မယ်။ အဘဦးဝင်တင်ပြတိုက်ဟာ မြန်စာသင်ကျောင်းတိုင်းမှာ၊ လူငယ်တိုင်းရဲ့ ရင်ဘတ်ထဲမှာ တည်ဆောက်ရာလည်း ရောက်ပါလိမ့်မယ်။ ဆယ်စုနှစ် ၅ ခုကျော် ဆိတ်သုဉ်းပျောက်ကွယ် နေခဲ့တဲ့ ပညာရေးသင်ရိုးညွှန်းတမ်းနဲ့ စာသင်ခန်းများထဲက ပြည်သူ့နီတိကို ဘ၀တစ်ခုလုံးစာနဲ့ နေထိုင် ပုံဖော်ပြသခဲ့ပါပြီ။ ပြည်သူ့နီတိ သင်ခန်းစာများဟာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လူသားတာဝန် ၀တ္တရားများ၊ အမှန်တရားနဲ့ လူသားဆန်ခြင်းတို့အတွက် မရှိမဖြစ် လေ့ကျင့်ပေးရမယ့် ကျောင်းသင်ရိုးဝင် ဘာသာရပ်နယ်ပယ်ကြီးပါ။ စစ်ပဒေသရာဇ် အဆက်ဆက်ရဲ့ ကျောင်းသင်ရိုးထဲက ဆွဲထုတ်၊ ဖယ်ရှားခဲ့တဲ့ ဒီအဖိုးတန် အတွေးအမြင်နဲ့ အကျင့်အကြံတွေကို လူငယ်ထုရဲ့ နှလုံးသားထဲမှာ နိုးကြား တက်ကြွနေစေဖို့ အဖိုးရဲ့ ဘ၀ တစ်ခုလုံးစာ ရင်းနှီး ပေးဆပ်စွန့်လွှတ်ခဲ့ခြင်းဟာ ထိုက်တန်ပါကြောင်း မျိုးဆက်များစွာတို့က ပြသရပါလိမ့်မယ်။ ဦးဝင်းတင်များစွာ ပေါ်ထွန်းလာဖို့ တိုင်းပြည်နဲ့ ခေတ်တိုင်းမှာ  တောင်းဆိုလျက်ရှိတယ်။ အပြာရောင် သူရဲကောင်းပြတိုက်ဟာ မျိုးဆက်များရဲ့ ရင်ဘတ်ထဲမှာ ရောက်ရှိစေဖို့ မူလယ်ထက်အတန်းများနဲ့ တက္ကသိုလ် သင်ရိုးညွှန်းတမ်းများမှာ ဂုဏ်ပြုထည့်သွင်း သင်ကြားကြပါစို့လို့ တိုက်တွန်းပါရစေ။ သိန်းနိုင် (မောက္ခပညာရေး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024