Home
မေးမြန်းခန်း
တရားဥပဒေရဲ့အခွင့်အရေးကို တော်တော်နောက်ကျမှ ရခဲ့ကြတယ် -ရှေ့နေ ဒေါ်ခင်မိုးမိုး
အေးနိုင်
·
April 19, 2016
ယခင်အစိုးရလက်ထက်က ပညာရေးဥပဒေ ပြုပြင်ရေးအတွက် သပိတ်မှောက်ကျောင်းသူကျောင်းသားတွေနဲ့ ၀န်းရံသူတွေအပေါ် စွဲဆိုခဲ့တဲ့ အမှုတွေကို  အစိုးရသစ်က လွတ်ခဲ့တဲ့ရက်ပိုင်းမှာ ရုပ်သိမ်းပြီး ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ ဒီနောက် သင်္ကြန်အပြီးမှာလည်း နိုင်ငံရေးအကျဉ်းသား ရှစ်ဆယ်ကျော်ကို ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ သပိတ်မှောက်ကျောင်းသားတွေဘက်က အမှုလိုက်ပါဆောင်ရွက်တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးကို ဆက်သွယ်မေးမြန်းပါတယ်။ ပညာရေးဥပဒေပြင်ဖို့ ဆန္ဒပြကြတဲ့ တရားစွဲခဲ့ရတဲ့ ကျောင်းသားတွေ၊ ၀န်းရံသူတွေဟာ အမှုရင်ဆိုင်ချိန် ၁ နှစ်ကျော်လောက် ထောင်တွေထဲမှာ နေခဲ့ကြရတယ်။ သူတို့တတွေ ဘယ်ပုံ ဘယ်နည်း နစ်နာခဲ့ကြသလဲ။ “ကျမတို့ လက်ပံတန်းကျောင်းသားအမှုက ၁၀ ရက်၊ ၃ လ၊ ၂၀၁၅ ကတည်းက အဖမ်းခံရတယ်။ ခု လွတ်တဲ့အချိန်မှာတော့ ၁ နှစ်နဲ့ ၃ လ ပြည့်ကာနီးမှာမှ လွတ်ခဲ့တယ်။ ဒီအမှုဟာ စပြီးစွဲကတည်းကိုက မဖြစ်သင့်တဲ့အမှုပေါ့။ နိုင်ငံရေးနဲ့နွယ်တဲ့ အမှုကို ပြစ်မှုပုဒ်မတွေဖြစ်တဲ့၊ ရာဇသတ်ကြီးပုဒ်မတွေဖြစ်တဲ့ ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတခုတွင် ပါဝင်မှု)၊ ၁၄၅ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေး၌ ပါဝင်မှု)၊ ၁၄၇ (ဥပဒေနှင့် မညီညွတ်သဖြင့် လူစုခွဲရာ၌ မလိုက်နာမှု)၊ ၅၀၅ (ခ) (နိုင်ငံတော် အစိုးရကိုဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ရေးကို ဖြစ်စေ ထိခိုက်သည့် ပြစ်မှု) အဲဒါတွေနဲ့ ပြောင်းပြီးစွဲထားတယ်။ အဲဒီတော့ တဖက်ကကြည့်ရင် ဒါနိုင်ငံရေး အမှုမဟုတ်ဘူးဆိုတဲ့ သဘောပေါ့နော်၊ ပြည်သူလူထုကို အထင်မှားအောင် လုပ်ပြီးတော့ စွဲဆိုခဲ့တာဖြစ်တယ်။ အမှန်တော့ နိုင်ငံရေးနဲ့ဆက်နွယ်တဲ့အမှုဖြစ်တယ်။ ကျမတို့ ဒါဟာ ကျောင်းသားတွေက လွတ်လပ်စွာစုဝေးခွင့်နဲ့ ဒီလိုဆောင်ရွက်ကြတာပဲဖြစ်တယ်။ သူတို့ဆန္ဒကို လွတ်လွတ်လပ်လပ် ဖော်ထုတ်တာဖြစ်တယ်။ အဲဒီတော့ ဒါကို ကျောင်းသားတွေရဲ့ပညာရေးစနစ် ပြောင်းလဲဖို့အတွက် သူတို့ဆန္ဒဖော်ထုတ်တာကို မဆိုင်တဲ့ပြစ်မှု ပုဒ်မတွေနဲ့ စစွဲကတည်းကိုက မှားနေခဲ့တယ်။ ဒီအမှားကြီးကို ကျောင်းသားတွေရော၊ ၀န်းရံပြည်သူတွေရောက ရင်ဆိုင်ခဲ့ကြရတယ်။ အဲဒီတော့ ၁ နှစ်ကျော်ရင်ဆိုင်ခဲ့တဲ့အပေါ်မှာတော့ နစ်နာဆုံးရှုံးမှုတွေက အများကြီးပါပဲ။ ထောင်ထဲမှာ ကျောင်းသားတွေကိုယ်တိုင်လည်း ကျန်းမာရေး၊ နေရေးထိုင်ရေး၊ လူမှုရေး အကုန်လုံးသူတို့မှာ ဆုံးရှုံးခဲ့တယ်။ နောက်တခါ ကျောင်းသားတွေရဲ့ ဆွေမျိုးသားချင်းတွေကလည်း ၁ နှစ်နဲ့ ၁ လ လုံးလုံး ထောင်ကို လာတွေ့ကြရတယ်၊ ရုံးချိန်းတွေကို လာရတယ်၊ စိတ်ပူပန်သောကတွေဖြစ်ရတယ်။ ဒီပေါ်မှာလည်း ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေရော၊ သူတို့ရဲ့ မိဘဆွေမျိုးအသိုင်းအ၀ိုင်း မိတ်ဆွေသင်္ဂဟတွေပါ အကုန်လုံးစိတ်သောက ရောက်ခဲ့ရတာပဲ။ ဒါ ကျမတို့ဘက်က နစ်နာဆုံးရှုံးမှုပေါ့နော်။ မှားယွင်းပြီးစွဲဆိုခဲ့တဲ့အတွက်ကြောင့် ရခဲ့တဲ့ နစ်နာဆုံးရှုံးမှုပေါ့။ ဒီပုဒ်မတွေဟာ စစွဲကတည်းကိုက မှားနေတဲ့အတွက်ကြောင့် ကျမတို့က ဒီအမှု စွဲဆိုနေတုန်းမှာ ပိတ်တယ်ဆိုတာ မဖြစ်မနေ လုပ်ပေးရမယ့်ကိစ္စပါ။ ဒီအရင် အစိုးရသစ်မတိုင်ခင်ကလည်း ဦးသိန်းစိန်အစိုးရကို ကျမတို့ တင်ပြခဲ့တာတွေရှိတယ်၊ တောင်းဆိုခဲ့တာတွေရှိတယ်။ နောက်တခါ ကျမတို့ လူ့အခွင့်အရေးကော်မရှင်ကို တောင်းဆိုခဲ့တာတွေ ရှိတယ်။ ကျောင်းသားတွေရော၊ မိဘတွေရောနဲ့ ကျမတို့ ရှေ့နေတွေရောက တောင်းဆိုခဲ့တယ်။ ဒါပေမယ့် အစိုးရသစ်အပြောင်းအလဲမှာ အစိုးရသစ်လက်ထက်မှာ တကယ်လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို လုပ်ပေးခဲ့တာ ဖြစ်တယ်။ အဲဒီတော့ လုပ်ပေးခဲ့တာကိုတော့ ကျမတို့က ကျေးဇူးလည်းတင်တယ်၊ ၀မ်းလည်းသာပါတယ်။ ဒါပေမယ့်ပေါ့နော် ကျမတို့ တနှစ်နဲ့ တလလုံးလုံး ဒီနစ်နာဆုံးရှုံးမှုပေါ်မှာတော့ ကျမတို့က ကုစားမှုရတာ အရမ်းကြီးနောက်ကျတယ်လို့ပဲ ပြောရမှာပေါ့နော်။ တရားဥပဒေစိုးမိုးရေးသာ အစောကြီးကနေပြီးတော့ ပြည့်ပြည့်စုံစုံကျမတို့ရခဲ့ရမယ်ဆိုရင် တရားဥပဒေရဲ့ အခွင့်အရေးတွေကို အစောကြီးကတည်းက ရခဲ့မယ်ဆိုလို့ရှိရင် ကျမတို့ရဲ့နစ်နာဆုံးရှုံးမှုဟာ တနှစ်ကျော်အထိ ကြာမှာမဟုတ်ဘူးပေါ့။ ဒါက ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေအပိုင်း။" ဒီအမှုကို မေတ္တာနဲ့ လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတွေကလည်း ရုံးချိန်းအလီလီကိုဖြတ်သန်းရတဲ့ အတွေ့အကြုံ၊ မိဘတွေရဲ့ ကသီလင်တဖြစ်ခဲ့ရပုံတွေကရော။ “ဒီအမှုမှာ လိုက်ပေးခဲ့ရတဲ့ရှေ့နေတွေ၊ ရှေ့နေတွေအပိုင်းဆိုလို့ရှိရင်လည်း ကျမဆိုရင် တောင်ကြီးကနေလာပြီးတော့ သာယာဝတီကို အမှုလိုက်ပေးရတယ်။ ဦးရောဘတ်စန်းအောင်တို့၊ ဦးသိန်းသန်းဦးတို့ အကုန်လုံးကပေါ့ ဒါ မေတ္တာစေတနာနဲ့ အင်မတန် အလုပ်တွေ မအားတဲ့ကြားထဲကနေ ကျမတို့ ဒီတနှစ်ကျော်လုံးလုံး ဒီအမှုတွေကို ကူညီဖြေရှင်းခဲ့ရတယ်။ ကိုနန္ဒာစစ်အောင် (တရားစွဲခံကျောင်းသားခေါင်းဆောင်) ရဲ့ အဖေ ဦးဌေးဆိုလို့ရှိရင် ကျန်းမာရေးမကောင်းတဲ့ကြားထဲက တောင်ဝှေးတချောင်းဆောင်ပြီးတော့ကို ရုံးချိန်းတိုင်း မှန်မှန်လာပြီးတော့ ကျောင်းသားတွေအတွက် ကူညီဆောင်ရွက်ပေးခဲ့တယ်။ အဲဒီတော့ ရှေ့နေတွေအပိုင်းကလည်း ကျမတို့ တရားဥပဒေစိုးမိုးရေးရအောင်၊ တရားမျှတမှုရအောင် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ခဲ့ကြတယ်။ အဲဒီတော့ အခု အမှုတွေပိတ်ပေးလိုက်တယ်၊ တရားစွဲဆိုခြင်းမှ ပိတ်ပေးလိုက်တဲ့အတွက်ကြောင့် ကျမတို့ရှေ့နေတွေရော၊ ကျောင်းသားတွေရော အားလုံးကတော့ပေါ့နော် အခွင့်အရေးတခုတော့ ရလိုက်တာတော့မှန်တယ်၊ ဒါပေမယ့် ဒီအခွင့်အရေးက ကျမတို့ တော်တော်နောက်ကျပြီးမှ ရတဲ့အတွက်ကြောင့်တော့ ဆုံးရှုံးမှုတွေ၊ စိတ်ဒဏ်ရာရမှုတွေ အများကြီးရှိခဲ့ပါတယ်။” တရားစွဲဆိုတဲ့အဖွဲ့အစည်းက ကျောင်းသားနဲ့ဝန်းရံသူတွေအပေါ် တရားစွဲဆိုရာမှာ အမှုတူတွေ ရှိတယ် မဟုတ်လား၊ ဥပမာ ပုဒ်မ ၁၈ (ခွင့်ပြုချက်မရှိဘဲ ငြိမ်းချမ်းစွာစုဝေးလှည့်လည်ဆန္ဒပြမှု)  နဲ့ တဦးတည်းကို အကြိမ်ကြိမ်စွဲဆိုခံရတာမျိုး။ အဲဒီလုပ်ရပ်ကရော ဥပဒေနဲ့ညီသလား။ “ကိုမင်းသွေးသစ်တို့၊ မဖြိုးဖြိုးအောင်တို့၊ ကိုနန္ဒာတို့ပေါ့နော် သူတို့ဆိုလို့ရှိရင် ကျမတို့ ကြားမိသလောက်ကတော့ စပြီး မန္တလေးသပိတ်စထွက်လာကတည်းက မြို့တိုင်းမြို့တိုင်းမှာ သူတို့ဝင်ခဲ့တယ်ဆိုပြီးတော့ ပုဒ်မ ၁၈ တွေကို အမှုပေါင်း ဆယ်ဂဏန်းကျော်အောင် စွဲထားတယ်။ အဲဒီတော့ ဒါကလည်း ဒီဖြစ်စဉ်ထဲမှာ ကျောင်းသားသပိတ်ကို စပြီးဖြိုခွဲတဲ့အချိန်မှာ အရေးယူလိုက်ရင် ဒီပုဒ်မတွေပဲ ပါရမှာပေါ့။ ပါရမယ့်ဟာကို တနေရာတည်းမှာ၊ တစုတပေါင်းတည်း စွဲလို့ရတာကို အမှုပေါင်း မြောက်မြားစွာဖြစ်အောင် စွဲခဲ့တယ်။ အဲဒါဟာဆိုရင် မဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်။ တရားဥပဒေစိုးမိုးရေးရဲ့ အကာအကွယ်ကို မရဘူး၊ တရားမျှတမှုမရှိဘူး၊ တရားဥပဒေစိုးမိုးရေးမှာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလိုနေတယ်ဆိုတာကို ပြတာ။” တရားရုံးချိန်းတွေမှာ တရားသူကြီးတွေနဲ့၊ တရားခွင်အခြေအနေဖြတ်သန်းခဲ့မှုအတွေ့အကြုံက လွတ်လပ်တဲ့တရားစီရင်ရေးဆိုတာ ခံစားခဲ့ရသလား။ “တရားခွင်ကတော့ ကျမအမြင်အရပေါ့နော် တရားခွင်က တရားသူကြီးတွေ၊ ဥပဒေအရာရှိတွေကတော့ အတတ်နိုင်ဆုံးတော့ သူတို့ကြိုးပမ်းကြတယ်။ ဒါပေမယ့် သူတို့မှာ ဘာအနှောင်အဖွဲ့ရှိနေလဲဆိုတော့ သူတို့က ၀န်ထမ်းဖြစ်တယ်။ သူတို့ရုံးရှေ့မှာ၊ တရားခွင်မှာ ထိုင်နေခြင်းကသည်ပင်လျှင် သူတို့က လူသာ ငုတ်တုတ်ထိုင်နေရတာ၊ အကုန်လုံးသူတို့ရဲ့ လုပ်ဆောင်မှုအားလုံးကိုတော့ အပေါ်ကနေပဲ ထိန်းချုပ်ထားတာပေါ့။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရဲ့ ညွှန်ကြားချက်ကိုပဲ လိုက်နာရတာပါ။ အာမခံပေးတာတို့၊ အာမခံလျှောက်တာတို့၊ စာရွက်စာတမ်းတခုကို သက်သေခံအဖြစ်သွင်းတဲ့အခါမှာ လက်ခံဖို့၊ လက်မခံဖို့ကအစ သူတို့ရဲ့ အဆင့်ဆင့်သော ကြီးကြပ်ကွပ်ကဲမှုအောက်မှာပဲ လုပ်ရတာပါ။ ဒါကြောင့်မို့လို့ ကျမကတော့ တရားသူကြီးတွေရော၊ ဥပဒေအရာရှိတွေရောပေါ်မှာတော့ သူတို့က ၀န်ထမ်းအဖြစ်နဲ့ပဲ လုပ်ဆောင်မှာသာဖြစ်တယ်၊ သူတို့မှာ လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်မရှိခဲ့ဘူးလို့ပဲ မြင်ပါတယ်။” ကျောင်းသားနဲ့ဝန်းရံသူ ၆၉ ဦးလား ပြန်လွတ်လာပြီ။ ကျောင်းသားတယောက်နဲ့ ဒီအမှုကိုလိုက်ပေးတဲ့ ရှေ့နေတယောက် အမှု ကျန်နေတုန်းပဲလို့ ကြားသိရတယ်။  ဘာမှုနဲ့လဲခင်ဗျ။ “ဟုတ်ပါတယ်။ ရှေ့နေက ဒေါ်ခင်ခင်ကျော်ပါ။ တရားလွှတ်တော်ရှေ့နေပါပဲ။ ကျောင်းသားတဦးကတော့ ကိုသန်းထိုက်ပါ။ အဲဒီ ၂ ဦးကကျတော့ သူတို့အမှုက သီးခြားရှင့်။ သူတို့အမှုက အမှုစစ်ဆေးနေစဉ်တုန်းမှာပဲ ဒေါ်ခင်ခင်ကျော်က စာရွက်စာတမ်းတခုတင်တယ်။ အဲဒီစာရွက်စာတမ်းတင်တဲ့အပေါ်မှာ တရားခွင်မှာ နည်းနည်းရုတ်ရုတ်သဲသဲလေးဖြစ်သွားတယ်ပေါ့။ အဲဒီအပေါ်မှာ ဒေါ်ခင်ခင်ကျော်နဲ့ ကိုသန်းထိုက် ၂ ယောက်ကို ပုဒ်မ ၂၂၈ ပေါ့ တရားစီရင်ရေးကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုတဲ့ပုဒ်မနဲ့ စွဲတာပါ။ အဲဒီအမှုတခုကတော့ ၈ ရက်နေ့တုန်းက မပိတ်လိုက်ဘူးလို့ပဲ သိရပါတယ်။ အဲဒီအမှုက တရားလိုက သာယာဝတီမြို့နယ်တရားသူကြီး ဦးချစ်မြတ်က တရာလိုလုပ်ပြီးစွဲတာ။” အစိုးရသစ်လက်ထက်မှာ သင်္ကြန်မတိုင်ခင်နဲ့ သင်္ကြန်ပြီးစမှာ နိုင်ငံရေးနဲ့ဆက်နွယ်သူတွေကို ၂ ကြိမ်လွှတ်ပေးခဲ့တယ်။ ဒါပေမယ့် ထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ကျန်နေသေးတယ်လို့ သိရတယ်။ စာရင်းအရ ထောင်ကျ ၆၀ ခန့်နဲ့ တရားစွဲခံ ၁၂၀ လောက်ရှိသေးတယ်လို့ သိရတယ်။ သူတို့ အခြေအနေဘယ်လိုရှိနိုင်လဲ။ “ဟုတ်တယ်ရှင့် ကျမတို့ တောင်ကြီးကနေ ကျသွားတဲ့လူတွေ ဆိုလို့ရှိရင် ပုဒ်မ ၅ (ည) (အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မ) နဲ့ ၅ (ဌ) ၊ နောက်ပြီးတော့ မတရားသင်း ဥပဒေပုဒ်မ ၁၇ (၂)။ မတရားသင်းဆိုရင် RCSS (ရှမ်းပြည်တပ်မတော်-တောင်ပိုင်း) မှာသွားပြီးတော့ သင်တန်းတက်ခဲ့တယ်၊ လိပ်စာကတ်တွေ ယူလာတယ်ဆိုတာနဲ့တရားစွဲခံရတာ။ အဲဒီလူတွေ အခုထက်ထိ မပါလာသေးဘူး။ ပုသိမ်ထောင်နဲ့ မြောင်းမြထောင်မှာ ရှိနေပါသေးတယ်။ (မင်္ဂလာဆောင်ကာလတွင်း ဖမ်းဆီးခံရသည့် မွတ်ဆလင်များ) သူတို့ဆိုရင် နိုင်ငံရေးပုဒ်မတွေနဲ့ တပ်ထားတာ၊ အဲဒီလူတွေ အခုထိ မပါသေးပါဘူး။” အစိုးရဟောင်းလက်ထက် တရားစီရင်ရေးစနစ်အတွင်း ဒီအမှုလိုက်စဉ်ကာလဖြတ်သန်းခဲ့ရတဲ့ အန်တီအတွက် ဘာအမှတ်ရစရာကျန်ခဲ့မလဲ။ ဦးသိန်းစိန်အစိုးရလက်ထက် ကိုင်တွယ်ခဲ့တဲ့အပေါ်။ “ငါးနှစ်သက်တမ်းမှာတော့ တရားဥပဒေစိုးမိုးရေးကိုလည်း မရှိခဲ့ဘူး၊ နောက်တခါ မှာယွင်းနေတဲ့ လုပ်ရပ်တွေနဲ့ မှားယွင်းတဲ့ ပုဒ်မတွေတပ်ပြီးတော့ တရားစွဲခဲ့တာတွေ များပါတယ်။ နောက်ဆုံးဆိုလို့ရှိရင် နောက်ဆုံးလွတ်လာတာ မမီးမီးတို့ မနီလာသိန်းတို့ (ရှစ်ဆယ့်ရှစ်မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) ဆို အိမ်မှာရှိနေတဲ့လူကို တရားခံပြေးဆိုပြီးတခါထုတ်တယ်။ ပြီးတော့မှ ဟိုးလွန်ခဲ့တဲ့နှစ်တွေက လူထုဆန္ဒဖော်ထုတ်တဲ့နေရာမှာ သွားပြီးတော့ အကူအညီပေးလို့၊ မုန့်ကျွေးလို့၊ ရေတိုက်လို့ စသဖြင့် အဲဒီလိုလူတွေကို ပုဒ်မ ၁၈ နဲ့ ထောင်ထဲထည့်တယ် အချုပ်ထဲထည့်တယ်။ အဲဒီတော့ ရှေ့ပိုင်းအစိုးရရဲ့ တရားစီရင်ရေးအပေါ်မှာ မြင်တဲ့အမြင်၊ သုံးသပ်တဲ့အမြင်တွေ၊ လုပ်ဆောင်ချက်တွေကတော့ တကယ်တမ်းတရားစီရင်ရေးလောကမှာ လုပ်နေတဲ့သူတွေအတွက်တော့ ကျေနပ်စရာတခုမှ မရှိခဲ့ပါဘူး။ အဲဒီတော့ ဒီအစိုးရသစ်ကတော့ အစိုးရသစ်စတင်လိုက်တဲ့အချိန်မှာပဲ မှားနေတဲ့အကြောင်းအရာတခုကို ပြန်တည့်ပေးလိုက်တယ်။ မှားနေတဲ့ တရားစွဲဆိုမှုတခုကို ပြန်ရုပ်သိမ်းပေးလိုက်တယ်၊ ရုပ်သိမ်းအောင် လုပ်ဆောင်ပေးတယ်ဆိုတာကတော့ အစိုးရသစ်ရဲ့ ကောင်းမွန်တဲ့ခြေလှမ်းတခုလို့ပဲ မြင်ပါတယ်။“ အနာဂတ်မှာ တရားရေးမဏ္ဍိုင်၊ တရားရေးကဏ္ဍနဲ့ပတ်သက်လို့ ဘယ်လိုအပြောင်း အလဲဖြစ်စေချင်ပါသလဲ။ “တရားရေးလောကမှာ အခုလတ်တလောမှာတော့ ကျမတို့ အခြေခံ တိုင်းနဲ့ပြည်နယ်တွေမှာက ဥပဒေချုပ်တွေတော့ ပြောင်းသွားတယ်။ တရားသူကြီးတွေက မပြောင်းဘူး၊ အဲဒီပေါ်မှာ အခြေခံပြည်သူလူထုတွေထဲက မကျေနပ်တဲ့အသံလေးတွေလည်းရှိပါတယ်။ အရင်တရားရုံးမှာ အရင်လူတွေပဲထိုင်တယ်။ ဒါ တိုင်းနဲ့ပြည်နယ်အဆင့် တရားသူကြီးချုပ်အဆင့်တွေပါ။ အဲဒီမှာ အရင်လူတွေနဲ့ အရင်ပုံစံပဲဖြစ်မှာကိုတော့ လူထုကစိုးရိမ်တယ်၊ ကျမတို့လည်း စိုးရိမ်တယ်။ အရင်ပုံစံဆိုတဲ့ဟာမှာတော့ အမှားအယွင်းတွေလည်းလုပ်ခဲ့ကြတယ်၊ လာဘ်ပေးလာဘ်ယူတွေလည်းရှိခဲ့ကြတယ်။ အဲဒီတော့ အဲဒါတွေကတော့ လုံးဝ အစိုးရသစ်လက်ထက်နဲ့ ကျမတို့ ရှေ့ဆက်သွားမယ့် တရားစီရင်ရေးခရီးမှာတော့ ဒါတွေ ပပျောက်ဖို့ ဆိုတဲ့နေရာမှာလည်း ကျမတို့ ပြည်သူလူထုကလည်းပေါ့နော် ကိုယ်က ဂါရ၀လေးပြုလိုက်ရမှ၊ ငွေလေးတော့ သွားပေးလိုက်ရမှဆိုတဲ့အကျင့်တွေကို ပြည်သူလူထုကလည်း ဖျောက်ဖို့လိုပါတယ်။ အဲဒီလိုပဲ တရားစွဲအဖွဲ့အစည်းတွေဖြစ်တဲ့ ရဲဌာနတို့၊ ဥပဒေဌာနတို့ အဲဒီဌာနတွေကလည်း တကယ်သေသေချာချာစိစစ်ပြီးတော့မှ အမှုတွေကို လက်ခံဖို့၊ စွဲဆိုဖို့လိုပါတယ်။ အခုဆိုလို့ရှိရင် ကျမဆက်လုပ်ရမယ့်အလုပ်တခုထဲမှာ မြေယာအမှုတွေ၊ မြေသိမ်းယာသိမ်းအမှုတွေကို ရာဇ၀တ်ပုဒ်မတွေနဲ့ ပြောင်းစွဲတယ်။ ၄၄၇ တို့ ၄၂၇ တို့၊ အဲဒါတွေနဲ့ စွဲတယ်။ အဲဒါတွေက တကယ့်တကယ်ကျတော့ လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီတွေနဲ့ ဖြေရှင်းရမယ့်အမှုတွေ။ အဲဒါတွေကို ရာဇ၀တ်ပုဒ်မတွေနဲ့တပ်ပြီးတော့ တရားရုံးတွေမှာ တင်ပြီး အမှုစွဲတယ်။ တရားရုံးမှာလည်း အမှုတွေ ရှုပ်တယ်။ သွားရတဲ့ပြည်သူလူထုကလည်း အမှန်တော့ မိမိလယ်မြေကိစ္စအတွက် အဲဒီဟာကို တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းရတယ်ဆိုတာတွေကလည်း မဖြစ်သင့်တဲ့ ကိစ္စပါ။ အဲဒီတော့ ဒီအမှုတွေကိုလည်း ဆက်ပြီးတော့ စိစစ်ပြီးတော့ ပိတ်ပေးဖို့လိုပါတယ်။ နောက်တခါ အုပ်ချုပ်ရေးပိုင်း၊ အာဏာပိုင်တွေပေါ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ကနေပြီးတော့ ဒီလယ်ယာမြေကိစ္စတွေကို တရားလိုလုပ်ပြီးစွဲတာတွေရှိပါတယ်။ အဲဒါတွေကိုလည်း ပိတ်ပေးဖို့ လိုပါတယ်။ ဒါတွေဟာ မဆိုင်တဲ့ပုဒ်မတွေနဲ့ စွဲတာပါပဲ။ အဲဒါတွေအတွက်လည်း ကျမတို့က အခု သက်ဆိုင်ရာ ဥပဒေချုပ်တွေနဲ့ တင်ပြပြီးတော့ ဒါတွေကို အမှုပိတ်သိမ်းဖို့အတွက်လည်း ဆက်ကြိုးစားသွားမှာပါ။“ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အနိုင်ရပါတီက  တရားသူကြီးချုပ်ကို အပြောင်းအလဲ ခန်းအပ်ပိုင်ခွင့်မရှိ ဘူးမဟုတ်လား။ “ဟုတ်တယ် ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ သူတို့ကိုပေါ့နော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ တော့ အသက်ကို ၇၀ အထိ ပေးထားတယ်။ တိုင်းနဲ့ပြည်နယ် တရားသူကြီးချုပ်တွေမှာတော့ ၆၅ နှစ်အထိ ပေးထားတယ်။ သူကတော့ အစိုးရသက်တမ်းနဲ့သွားတာမဟုတ်ဘူးပေါ့။ ဒါပေမယ့် ဒီလူတွေရဲ့ အတွေးအခေါ်တွေ ပြောင်းဖို့လိုပါတယ်။ အောက်နေပြီးတော့ပေါ့နော်၊ အထူးသဖြင့် ဒီလယ်ယာမြေကိစ္စတို့၊ နိုင်ငံရေးပုဒ်မတွေဆိုရင် မှားမှားမှန်မှန်၊ စွဲတယ်ဆိုရင် အပြစ်ကိုပေးမှဆိုတဲ့ အတွေးအမြင်တွေကို ဒီပုဂ္ဂိုလ်တွေက ပြောင်းဖို့လိုပါတယ်။ သူတို့တွေက လက်ရှိဆက်ပြီးတာဝန်ထမ်းနေတဲ့ တရားသူကြီးတွေက ရှေးတုန်းက အမြင်တွေ ဆက်ပြီးကိုင်စွဲနေမယ်ဆိုရင်တော့ ကျမတို့ တရားစီရင်ရေးဟာ ကောင်းလာမှာ မဟုတ်ဘူး။ အဲဒီတော့ သူတို့ကိုယ်တိုင် အတွေးအမြင်တွေ ပြောင်းဖို့ လိုပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024