ဧရာဝတီ ဓားပြများကို ဖမ်းဆီးအရေးယူ
DVB
·
April 19, 2016
ဧရာဝတီမြစ်အတွင်း မောင်းနှင်သွားလာတဲ့ သင်္ဘာတွေကို ဓားပြတိုက်လုယက်သူတွေကို မန္တလေးတိုင်း တံတားဦးရဲစခန်းမှာ ဖမ်းဆီးအရေးယူထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၁၇ ရက်က မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ လက်ဆောင်ယူကျေးရွာနဲ့ ပုဏ္ဏားခြံကျေးရွာကြား၊ ဧရာဝတီမြစ် အတွင်းသွား "လွိုင်ဆမ်ဆစ်" သင်္ဘောကို စက်လှေတစီးနဲ့ လူ ၁၀ ဦးလောက်က ခရီးသည်ဟန်ဆောင်ကာ သင်္ဘောကိုတားပြီး ရွှေ၊ ငွေ၊ ပစ္စည်း စုစုပေါင်းတန်ဖိုး ကျပ် ၃၁ သိန်းခွဲကျော်ဖိုး လုယက်ယူဆောင်ကာ စစ်ကိုင်းမြို့နယ်၊ ရိပ်သာကျွန်းဘက်သို့ စက်လှေနဲ့ ထွက်ပြေးသွားခဲ့တဲ့ အမှုဖြစ်ပါတယ်။
ရဲတပ်ဖွဲဝင်တွေက သတင်းအရ သွားရောက်ဖမ်းဆီးစဉ် ပြစ်မှုကျူးလွန်သူတွေက ဓားမြှောင်တွေ၊ ငှက်ကြီးတောင်ဓားတွေ၊ ဓာတ်ဆီပုလင်းတွေနဲ့ မီးရှို့ပစ်ပေါက်ခုခံခဲ့လို့ ရဲကသေနတ်နဲ့ သတိပေး ပစ်ခတ်ခဲ့ရပြီး ပြစ်မှုကျူးလွန်သူတွေ ထွက်ပြေးသွားခဲ့လို့ ရဲတပ်ဖွဲ့က လိုက်လံပိတ်ဆို့ ရှာဖွေဖမ်းဆီးခဲ့ရာ နောက်ကြည့်ကျွန်းကျေးရွာနေ ဆန်းညွန့်ဦး (ခ) ငဂျစ် အပါအ၀င် ၆ ဦးကို ရိပ်သာကျွန်းကျေးရွာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ လူမှုကွန်ရက်သတင်းမှာ ရေးသားဖော်ပြပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ ဆန်းညွန့်ဦး (ခ) ငဂျစ်ပါ ၆ ဦးကို လွိုင်ဆမ်ဆစ်ရေယာဉ်အုပ် ဦးတင်ဆန်းက တရားလိုပြုလုပ်ပြီး တံတားဦးမြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၉၅ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ထွက်ပြေးတိမ်းရှောင်သွားသူတွေထဲက ၂ ဦးကိုလည်း ထပ်မံဖမ်းမိထားပြီး ကျန်ရှိ တရားခံတွေကိုလည်း ဖမ်းဆီးရမိဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ရဲသတင်းက ဆိုပါတယ်။