A d v e r t i s e m e n t With Us

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်၊ အကျအဆုံးများပြား

ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ရက်ပိုင်းက အစိုးရတပ်နဲ့ ရက္ခိုင့်တပ်မတော်ကြား တိုက်ပွဲတွေ ပြန်ဖြစ်ပွားတယ်လို့ ရက္ခိုင့်တပ်မတော်က ပြောပါတယ်။ ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွင်းက တိုက်ပွဲတွေမှာ တပ်မတော် တပ်ရင်းမှူး နဲ့အများအပြား  ကျဆုံးခဲ့တယ်လို့ ရက္ခိုင့်တပ်မတော် ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခက ဒီဗွီဘီကို ပြောပါတယ်။ ခိုင်သုခက “ဧပြီ ၁၆ ရက် သင်္ကြန်နောက်ဆုံးနေ့က ရသေ့တောင်မြို့နယ် လောရမတောင်တန်းနားမှာ ကျနော်တို့ လှုပ်ရှားတပ်ဘက်က အခြေပြုထားတဲ့နေရာဘက်ကို မြန်မာ့တပ်မတော်ဘက်က အစိုးရတပ်တွေ ၀င်လာလို့ တိုက်ပွဲဖြစ်တယ်။ မနက်ပိုင်းက အဲဒီနေရာမှာပေါ့၊ နေ့ခင်းပိုင်း ကျတော့ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ကျောက်တော်မြို့နယ်ကြားက နတ်သရဲဆိုတဲ့ ရွာမှာ ထပ်ဖြစ်တယ်။ အဲဒီမှာ မြန်မာ့တပ်မတော်ဘက်က စစ်တွေအခြေစိုက် ဒကစ လက်အောက်ခံ ခလရ ၂၃၂ က စစ်ကြောင်းမှူး ဗိုလ်မှူးမျိုးမင်းထွန်းနဲ့ တခြား အရာရှိတွေရော တပ်ဖွဲ့ဝင်တွေရော ၂၀ ၀န်းကျင်လောက် သူတို့ဘက်က ကျဆုံးသွားတယ်။ အဲဒီနေ့ ညနေပိုင်းရောက်တော့ သူတို့ဘက်က စစ်ကြောင်းတွေနဲ့  ထပ်ထိုးလာတယ်။ ကျနော်တို့ဘက်ကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ လှမ်းထုတယ်။ မနေ့က နေ့ခင်းပိုင်းထိ ထုနေတုန်းပဲ။” ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်ဘက်က အစိုးရတပ်ရင်းတွေရော စုစုပေါင်းတပ်ရင်းတစ်ဆယ်ကျော်  အင်အားဖြည့်တင်းလာတာကြောင့် တိုက်ပွဲတွေ အချိန်မရွေးပြန်ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။ ဒီတိုက်ပွဲသတင်းကို တပ်မတော်ပိုင် မြ၀တီသတင်းဌာနမှာ ဖော်ပြရေးသားတာမတွေ့ရပါဘူး။ ဒီဗွီဘီက ရခိုင်ပြည်နယ်အစိုးရ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ တပ်မတော်ပြည်သူ့ ဆက်ဆံရေးဌာနတို့ကို  တယ်လီဖုန်းအကြိမ်ကြိမ်ဆက်သွယ်ပြီး မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။ ဒီတိုက်ပွဲဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ တက်လာပြီးနောက် ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းပြီး သီတင်းတပတ်အတွင်း ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒေသခံရွာသားများ အခြေအနေတွေနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့  ဒီဗွီဘီမှ ဆက်သွယ်မေးမြန်း နေဆဲ ဖြစ်ပါတယ်။ ရက္ခိုင့်တပ်မတော်က ရခိုင်အမျိုးသားရပိုင်ခွင့်အတွက်၊ ရခိုင့်ကြမ္မာ ရခိုင်ကိုယ်တိုင် ဖန်တီးခွင့်ရ ရေး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဦးခိုင်သုခက ပြောပါတယ်။ ရက္ခိုင့်တပ်မတော်ဟာ ယူအန်အက်ဖ်စီ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်ဖြစ်ပြီး ကချင်ပြည်နယ်တွင်း ကေအိုင်အေနဲ့အတူ လှုပ်ရှားခဲ့ပါတယ်။ မနှစ် နှစ်ကုန်ပိုင်းမှာတော့ ရခိုင်ပြည်နယ်ဘက်မှာ အစိုးရတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ အရင် ဦးသိန်းစိန်အစိုးရလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်ရေး သဘောတူလက်မှတ်ရေးထိုးခဲ့ပေမယ့်  ရက္ခိုင်၊ ကိုးကန့်နဲ့  တအာင်းတပ်တွေ နဲ့တော့ ဆွေးနွေးခြင်း၊ လက်မှတ်ရေးထိုးခြင်း မပြုလုပ်ခဲ့ပါဘူး။ အန်အယ်လ်ဒီ အစိုးရသစ်လက်ထက်မှာတော့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ မျှော်လင့်တယ်လို့ ရက္ခိုင့် တပ်မတော်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up