ဗြိတိန်ခရီးသည်တင်လေယာဉ် ဆင်းသက်စဉ် ဒရုန်းယာဉ်ဖြင့် တိုက်မိ

937
အင်္ဂလန်နိုင်ငံ၊ ဟိသ်ရိုးလေဆိပ်မှာ British Airways လေကြောင်းလိုင်းမှ ခရီး သည်တင်လေယာဉ်ဟာ ဆင်းသက်ချိန်မှာ ဒရုန်းယာဉ်တစီးနဲ့တိုက်မိခဲ့တယ်လို့ ဘန် ကောက်ပို့စ်သတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။
အဲဘတ်စ်အေ-၃၂၀ အမျိုးအစား အဆိုပါလေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်း ၅ ဦးနဲ့ ခရီးသည် ၁၃၂ ဦးပါဝင်ပြီး ဟိသ်ရိုးလေဆိပ်ဂိတ်အမှတ် ၅ ဆီ ဆင်းသက်ချိန် မနေ့ကနေ့လယ် ၁၂.၅၀ နာရီလောက်မှာ ခုလိုတိုက်မိခဲ့တာပါ။
လေယာဉ်ပေါ်ပါသူအားလုံး ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေမယ့် လက်ရှိမှာတော့ ဒါကို စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ လန်ဒန်မြို့တော်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရသူတဦး က ပြောပါတယ်။
“လေယာဉ်ဟာ ဂျီနီဗာမြို့ကနေ (လန်ဒန်မြို့) ဟိသ်ရိုးလေဆိပ်ဆီ ပျံသန်းလာ တာဖြစ်ပြီး ဂိတ်အမှတ် ၅ ဆီ ချောချောမောမောဆင်းသက်နိုင်ခဲ့ပါတယ်။ လေယာဉ်ရဲ့ ရှေ့ပိုင်းနဲ့ တိုက်မိခဲ့တဲ့အရာဟာ ဒရုန်းယာဉ်ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်”လို့ အဆို ပါလေယာဉ်ကို မောင်းနှင်ခဲ့သူ လေယာဉ်မှူးက ရဲတွေကို ပြောပါတယ်။
ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရသူကတော့ “လုံခြုံရေးနဲ့ စိတ်ချယုံကြည်ရမှုဟာ ကျနော်တို့ရဲ့ ပထမဦးစားပေးပါပဲ။ ကျနော်တို့ရဲဝန်ထမ်းတွေကို စုံစမ်းစစ်ဆေးမှုတွေဆက်လက် လုပ်ဆောင်နိုင်ဖို့ တာဝန်ပေးထားပါတယ်”လို့ ဆိုပါတယ်။
ဗြိတိန်လေယာဉ်မှူးများအသင်းမှ လေကြောင်းလုံခြုံရေးဆိုင်ရာ အထူးကျွမ်းကျင်သူ စတိဗ်လန်ဒဲလ်စ်က “လေယာဉ်ပျံသန်းချိန်နဲ့ ဆင်းသက်ထွက်ခွာချိန်တွေမှာ ခုလိုအ ပျော်တမ်းဒရုန်းယာဉ်တွေကို လွှတ်တင်တာဟာ ပြဿနာတခုပါပဲ”လို့ ပြောပါတယ်။
ဗြိတိန်နိုင်ငံမှာ လေဆိပ်အနီး လေယာဉ်၊ ရဟတ်ယာဉ်တွေပျံသန်းနေတဲ့နေရာ အနီးတ၀ိုက်အမြင့်ပေ ၄၀၀ အောက်မှာ ဒရုန်းယာဉ်တွေ လွှတ်တင်တာတွေကို ဥပဒေနဲ့ တားမြစ်ထားတာပါ။
လေကြောင်းဦးစီးဌာနမှတာဝန်ရှိသူတဦးကတော့ ဒါဟာ လက်ခံနိုင်စရာမရှိဘူးကြောင်း၊ ခုလိုလွှတ်တင်သူအနေနဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်ခံရမယ်လို့ ပြောပါတယ်။