Home
မြန်မာသတင်း
လူထုမထိခိုက်သည့်နည်းဖြင့် ဖွဲ့စည်းပုံပြင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
ပီတာအောင်
·
April 18, 2016
စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ခု ထူထောင်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို  ပြည်သူလူထု မထိခိုက်တဲ့နည်းတွေနဲ့ လုပ်ဆောင်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဒီကနေ့ ဧပြီ ၁၈ ရက်  မြန်မာနှစ်ဆန်း ၂ ရက်နေ့မှာ  မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ တိုင်းပြည်ကို ပြောကြားတဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားတာပါ။ ဒေါ်အောင်ဆန်းစုကြည်က “တကယ့်စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တခုကို ပေါက်ဖွားစေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတခုဖြစ်ဖို့လိုပါတယ်။ ဒီလိုဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ လုပ်တဲ့နေရာမှာ ကျမတို့ဟာ ပြည်သူလူထုကို မထိခိုက်တဲ့နည်းတွေပဲ ကျမတို့ သုံးမှာပါ။ ကျမတို့ နိုင်ငံရဲ့ အေးချမ်းမှုကို ထိခိုက်တဲ့နည်းတွေနဲ့ ကျမတို့ လုပ်ဆောင်သွားမှာ မဟုတ်ပါဘူး။ ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမြဲပဲကိုင်စွဲခဲ့တဲ့မူပါ။ ပြည်သူ မနာစေရ ပါဘူး။ လုပ်စရာရှိရင် ကျွန်မတို့ ရှေ့ကနေ ခံစရာရှိရင်ခံပါမယ်။ အနောက်ကနေ ကာစရာ ရှိရင်ကာပါမယ်။ ပြည်သူလူထုကို မထိခိုက်တဲ့ နည်းတွေသာ သုံးစွဲပြီးတော့ ကျမတို့ရဲ့ နိုင်ငံကို မှန်ကန်တဲ့ လမ်းပေါ်ကိုပို့ဖို့ ဆိုတာဟာ ကျမတို့အခု အစိုးရ သစ်ရဲ့ အင်မတန်မှခိုင်မာတဲ့ အခြေခံမူ တခုဖြစ်ပါတယ်လို့ ပြောပါရစေ။” ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ  ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ လူထုဆန္ဒလက်မှတ်  ၅ သန်း ကောက်ခံ တောင်းဆိုခဲ့ဖူးသလို လွှတ်တော်တွင်းကနေလည်း ကြိုးပမ်းခဲ့ကြပေမယ့် အောင်မြင်မှု မရရှိခဲ့ပါဘူး။ ကြံ့ခိုင်ရေးပါတီ ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းနဲ့ လက်ရှိ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးစောလှထွန်းကတော့  ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဥပဒေဘောင်အတွင်းက ထပ်ပြီး ကြိုးစားကြည့်နိုင်တယ်လို့ ပြောပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းပြည်အပေါ် စေတနာထားလုပ်တယ်ဆိုတာ သံသယရှိစရာမလိုဘူး။ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ဘယ်လိုပြင်ဆင်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တွေက ရှိပြီးသားဖြစ်တယ်။ ဘယ်လိုပဲပြောပြော လက်ရှိက ၂၀၀၈ အခြေခံဥပဒေအရ ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် အခြေခံဥပဒေကို မထိခိုက်ဘဲနဲ့ ပြင်ဆင်သင့်ပြင်ဆင်ထိုက်တယ်ဆိုတဲ့ အချက်တွေ အပေါ်မှာကတော့ နိုင်ငံတော်ရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်တဲ့အပေါ်မှာ လက်ခံသင့်တဲ့ အချက်ဖြစ်တယ်။ အခြေခံဥပဒေနဲ့ ပတ်သက်ရင် အဓိကက အချက် ၂ ချက်ရှိတယ်၊ နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးနဲ့  နိုင်ငံတော်ရဲ့ အချပ်အခြာအာဏာ ရေရှည်တည်တံ့ခိုင်မြဲရေးပေါ့၊   နိုင်ငံတော်ရဲ့ ရေရှည်တည်တံ့ခိုင်မြဲရေးကိုလည်း မထိခိုက်ဘူး။ တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်မယ်ဆိုရင် တပ်မတော်အနေနဲ့လည်း လက်ခံနိုင်မယ့် အနေအထားမှာ ရှိတယ်လို့ပဲ သုံးသပ်ပါတယ်။” ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ပြောတဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးပြီးမြောက်အောင် အားလုံးပါဝင်သင့်တဲ့ အဖွဲ့အစည်းတွေ ပါဝင်လာအောင် ဆက်ကြိုးစားမယ်၊  ငြိမ်းချမ်းရေးညီလာခံတွေကနေတဆင့် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ဖို့ ဆက်လုပ်သွားမယ်လို့လည်း ပြောပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့  ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် နာယက  ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ အားလုံးပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်ဖို့ အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့  ပြောပါတယ်။ “သမ္မတ ဦးသိန်းစိန်လက်ထက်မှာ လုပ်ဆောင်ခဲ့တဲ့ အသေးစိတ်ဆွေးနွေးချက်တွေရော ရရှိတဲ့ ရလဒ်တွေရော ဒီပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကောင်းကောင်းလေး သဘောပေါက်ထားပြီးသားလို့ ကျနော်ယူဆတယ်။ အဲဒီအခြေခံပေါ်မှာ ဆက်လုပ်မယ်ဆိုရင်တော့ ပိုပြီးတော့မှ အားနည်းချက်တွေကို ဖြည့်ဆည်းပြီး အားသာချက်တွေကို ထပ်တိုးမြှင့်ပြီးတော့ လုပ်လိုက်ရင် ဒီအပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်စဉ်က အောင်မြင်ပြီးမြောက်လိမ့်မယ့်လို့တော့ ကျနော်ယုံကြည်တယ်။ ကျနော်တို့ကတော့ အစိုးရသစ်ရဲ့ ပထမဆုံး တောင်းဆိုမှုအရ ဘာတွေပူးပေါင်းဆောင်ရွက်ရမလဲ၊  ကျနော်တို့ကတော့ အဆင်သင့်လုပ်ဖို့ လွန်ခဲ့တဲ့ မတ်လ ကုန်အစည်းအဝေးမှာ ကျနော်တို့ ဆုံးဖြတ်ပြီးသားပဲ၊ အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ်မှာ ကျနော်တို့ အပြည့်အ၀မယ်ဆိုတာ။ အခုဒေါ်အောင်ဆန်းစုကြည်က ဒီလိုပြောလာတဲ့ အခါကျတော့ ပိုအားတက်မိတာပေါ့။” ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ အမျိုးသားရင်ကြားစေ့ရေးအတွက် ပါတီကို ထောက်ခံမဲပေးခဲ့သူတွေသာမက မဲမပေး၊ မထောက်ခံတဲ့ ပြည်သူတွေအတွက်လည်း အစိုးရက ကျောသား ရင်သားမခွဲခြားဘဲ တာဝန်ယူသွားမယ်၊  ပြည်သူပြည်သားတွေအပေါ်မှာ မေတ္တာထားပြီး  နိုင်ငံအပေါ်မှာ သစ္စာစောင့်သိမယ်၊  ပြည်သူတွေကလည်း ပြန်ပြီးတော့ ယုံယုံကြည်ကြည်နဲ့ ဝန်းရံကူညီကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024