အီကွေဒေါ အင်အားပြင်း ငလျင် သေဆုံးသူ ၂၆၂ ဦး ရှိပြီ




Red Cross members, military and police officers work at a collapsed area after an earthquake struck off Ecuador's Pacific coast, at Tarqui neighborhood in Manta April 17, 2016. REUTERS/Guillermo Granja
641
အီကွေဒေါနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့ ညနေပိုင်းက ဆယ်စုနှစ်တွေအတွင်း အပြင်းဆုံးမြေငလျင်လှုပ်ခတ်မှုနဲ့ လက်ရှိအချိန်အထိ သေဆုံးသူ အနည်းဆုံး ၂၆၂ ဦးထိ ရှိလာပြီလို့ ကယ်ဆယ်ရေးအာဏာပိုင်တွေက အတည်ပြုပြောဆိုပါတယ်။
လက်ရှိလည်း အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို အီကွေဒေါတပ်ဖွဲ့ဝင် ၁ သောင်း၊ ရဲတပ်ဖွဲ့ဝင် ၃၅၀၀ နဲ့ အပူတပြင်း ဆက်လက်ဆောင်ရွက်နေကြပါတယ်။
မြေငလျင်ပြင်းအား ၇.၈ ရှိပြီး နိုင်ငံအနောက်မြောက်ပိုင်းက ကမ်းရိုးတန်းဒေသကို ဗဟိုပြုလှုပ်ခတ်ခဲ့တာပါ။
သတင်းအဆက်အသွယ်တွေပြန်ရလာပြီး သေဆုံးသူဦးရေလည်း တိုးလာနိုင်တယ်လို့ အာဏာပိုင်တွေ ပြောဆိုပါတယ်။
ဒီအချိန်ဟာ အီကွေဒေါနိုင်ငံအတွက် အခက်အခဲဆုံးဖြစ်ပြီး လူအများအပြား အပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့ သတင်းတွေလည်း ရရှိနေတယ်လို့ ဒုသမ္မတက ပြောဆိုပါတယ်။
ရဟတ်ယာဉ်တွေ၊ ဘတ်စ်ကားတွေနဲ့ အရေးပေါ်ကယ်ဆယ်ရေး တပ်ဖွဲ့တွေ ကို နိုင်ငံမြောက်ပိုင်းဒေသတွေကို စေလွှတ်နေပေမယ့်လည်း မြေပြိုမှုတွေနဲ့ ကားလမ်းပိတ်ဆို့မှုတွေ ဖြစ်နေတဲ့အတွက် အခက်အခဲတွေ၊ နှောင့်နှေးမှုတွေဖြစ်နေတယ်လို့ ဆိုပါတယ်။
ဗင်နီဇွဲလားနိုင်ငံနဲ့ မက္ကဆီကိုနိုင်ငံတွေက ပေးပို့တဲ့ အရေးပေါ်ကူညီထောက်ပံ့မှုတွေ စတင်ရရှိနေပြီး နိုင်ငံတကာလူသားချင်း အကူအညီတွေကို စတင်ဖြန့်ဖြူးနေပြီလို့ ဒုသမ္မတက ဆိုပါတယ်။
အီတလီနိုင်ငံကနေ ပြန်လည်ရောက်ရှိလာတဲ့ အီကွေဒေါသမ္မတက နိုင်ငံမှာ အရေးပေါ်အခြေအနေကြေညာထားပြီး ပြည်သူတွေ တည်တည်ငြိမ်ငြိမ်၊ စည်းစည်းလုံးလုံး ရင်ဆိုင်ကြဖို့ တိုက်တွန်းထားပါတယ်။