အမေရိကန်စစ်အကျဉ်းထောင်မှ ယီမင်အကျဉ်းသား ၉ ဦးအား ဆော်ဒီကို လွှဲပြောင်း

568
အမေရိကန်ပြည်ထောင်စုက ဧပြီလ ၁၆ ရက် စနေနေ့မှာ ဂွမ်တာနာမိုမှာရှိတဲ့ အမေရိကန် စစ်အကျဉ်းထောင်ကနေ ယီမင်လူမျိုး ၉ ယောက်ကို ဆော်ဒီအာရေဗျနိုင်ငံဆီ လွှဲပြောင်းပေးလိုက်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီထဲမှာ ၀ါရှင်တန်နဲ့ ၇ီယာ့ဒ်အစိုးရကြား ကာလကြာ ဖြေရှင်းရမယ့် သံတမန် သဘောတူညီချက်အောက်မှာ ၂၀၀၇ ခုနှစ်ကတည်းက အစာငတ်ခံ ဆန္ဒပြခဲ့သူ အကျဉ်းသားတဦးလည်း ပါဝင်ပါတယ်။
အခု လွှတ်ပေးမှုဟာ အာရပ်ပင်လယ်ကွေ့မဟာမိတ်များ အစည်းအဝေးအတွက် ဆော်ဒီအာရေဗျကို သွားရောက်မယ့် သမ္မတ ဘားရက်အိုဘားမားရဲ့ ခရီးစဉ်မတိုင်မီ လွှတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။
ဒါဟာ ၂၀၁၇ ဇန်န၀ါရီမှာ ကုန်ဆုံးမယ့် သမ္မတရာထူး သက်တမ်း မတိုင်မီ ကျူးဘားမှာရှိတဲ့ အမေရိကန်ရေတပ်အခြေစိုက်စခန်းမှာ အငြင်းပွားဖွယ် ထိန်းသိမ်းရေးစခန်းကို ပိတ်ပစ်ဖို့ သူ့ရဲ့နောက်ဆုံးအကြိမ် တွန်းအားပေးမှုမှာ လတ်တလောအကျဆုံး စွမ်းဆောင်ပြီးမြောက်ချက်လည်း ဖြစ်ပါတယ်။
နှစ်ဖက်အစိုးရရဲ့ ထိပ်တန်းအဆင့်ထိ ရောက်ရှိခဲ့တဲ့ ရှည်ကြာလှတဲ့ ညှိနှိုင်းမှုတွေ အပြီးမှာတော့ ဆော်ဒီအစိုးရဟာ ယီမင်နိုင်ငံသား ၉ ဦးကို လက်ခံဖို့ သဘောတူခဲ့ပြီး သူတို့တွေကို အစိုးရပိုင် ပြန်လည်ထူထောင်ရေး အစီအစဉ်အရ စစ်ဘက်ကနေ အရပ်ဘက်ကို ပြန်လည်ပေါင်းစည်း ရောနှောနေထိုင်နိုင်ဖို့ ထားရှိစီစဉ်ပေးမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အခုလက်ရှိ ဂွမ်တာနာမိုမှာ အကျဉ်းသား ၈၀ ရှိနေပြီး အများစုဟာ ဆယ်စုနှစ်တစ်ခုကျော် တရားစွဲဆိုခြင်း မရှိ၊ အမှုစစ်ဆေးခြင်း မရှိပဲ အကျဉ်းချခံနေရတာဖြစ်ပြီး နိုင်ငံတကာကလည်း ၀ိုင်းဝန်းပြစ်တင် ရှုတ်ချနေကြတာပါ။
အခုလွှတ်ပေးလိုက်တဲ့ ၉ ဦးလုံးဟာ ယီမင်နဲ့ နယ်မြေထိစပ်နေတဲ့ ဆော်ဒီအာရေဗျမှာ မိသားစုတွေ ရှိကြပါတယ်။
ယီမင်နိုင်ငံမှာ ပြည်တွင်းစစ်တွေဖြစ်ပွားနေပြီး တက်ကြွလှုပ်ရှားတဲ့ အယ်လ်ကိုင်းဒါး အဖွဲ့ခွဲတခုလည်း ရှိနေတာကြောင့် အိုဘားမားအစိုးရဟာ ယီမင်တွေကို သူတို့နိုင်ငံ ပြန်လွှတ်ပေးတာ ဖြစ်ပါတယ်။