ရွှေတောင်ကုန်း ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်ကို ဘန်ကောက်မှ ပြန်လည်ပင့်ဆောင်
DVB
·
April 17, 2016
သက်တော် ၉၅ နှစ်မှာ ဘ၀နတ်ထံ ပျံလွန်သွားတဲ့ ပဏ္ဍိတာရာမ ရွှေတောင်ကုန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တပဏ္ဍိတ ဘိဝံသရဲ့ ရုပ်ကလာပ်တော်ကို ဒီနေ့ ထိုင်းနိုင်ငံ ဘန်ကောက်ကနေ ရန်ကုန်ကို လေကြောင်းကတဆင့် ပြန်လည်ပင့်ဆောင်ပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တပည့် သံဃာတွေက ကြိုဆိုကြပါတယ်။
ပညာအရာမှာရော၊ သိက္ခာအရာမှာပါ ထင်ရှားကျော်ကြားတဲ့ ဆရာတော်ဟာ ဒေါ်အောင်ဆန်းစုကြည် ဆည်းကပ်ကိုးကွယ်တဲ့ ဆရာတော် ဖြစ်ပါတယ်။
ဆရာတော် ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို သူ့သမီးလို သဘောထားခဲ့တယ်လို့ အနီးကပ် တွေ့ဆုံဖူးသူတွေက ဆိုပါတယ်။
စစ်အစိုးရခေတ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပင့်ဖိတ်တဲ့အခါ လက်မခံဖို့ ထောက်လှမ်းရေးတွေက ဖိအားပေးတိုင်း ဆရာတော်က အကြိမ်ကြိမ် အာခံခဲ့တယ်လို့ ဆရာတော်ရဲ့  တပည့်သံဃာတွေက ဆိုပါတယ်။
ဆရာတော်ရဲ့ ရုပ်ကလာပ်တော်ကို ဧပြီလ ၂၀ ရက်နေ့ကျရင် ကျိုက္ကဆံကွင်းမှာ အန္တိမဈာပနမီးသင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
ဓာတ်ပုံ - နွယ်လေး