အီကွေဒေါ အင်အားပြင်း ငလျင်လှုပ်ခတ်မှုရုပ်သံထွက်ပေါ်၊ အနည်းဆုံးလူ ၂၈ ဦးသေဆုံး

အီကွေဒေါနိုင်ငံမှာ ဧပြီလ ၁၆ ရက်နေ့ညဦးပိုင်းက အင်းအားရစ်ခ်ျတာစကေး ၇ ဒဿမ ၈ အဆင့်ရှိတဲ့ အင်အားပြင်းငလျင်တခုလှုပ်ခဲ့ပြီး အနည်းဆုံးလူ ၂၈ ဦးသေဆုံးခဲ့ပါတယ်။
အဆိုပါငလျင်ဟာ နိုင်ငံရဲ့ အနောက်မြောက်ဘက် ပစိဖိတ်ကမ်းရိုးတန်းဆီ ဦးတည်ပြီး ရိုက်ခတ်ခဲ့တာပါ။
စီအန်အန်သတင်းမှာ ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာတော့ ငလျင်လှုပ်ခတ်နေတာနဲ့ နိုင်ငံတွင်း နေအိမ်တိုက်တာအဆောက်အအုံတွေ ပြိုကျ ပျက်စီးခဲ့ရတာတွေကို တွေ့ရပါတယ်။
ပစိဖိတ်ဒေသ ဆူနာမီသတိပေးမှုဆိုင်ရာဌာနက အီကွေဒေါနိုင်ငံရဲ့ တချို့ဒေသတွေမှာ လှိုင်းတွေဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၃ ပေထိ တက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
အစိုးရသက်ဆိုင်ရာတာဝန်ရှိသူတွေက ငလျင်ရဲ့ နောက်ဆက်တွဲအရှိန်ကြောင့် ဖြစ်လာနိုင်တဲ့ လှိုင်းလေကြီးမှုတွေမှ ကာကွယ်ဖို့ ကမ်းရိုးတန်းဒေသမှာ နေထိုင်သူတွေကို ရွှေ့ပြောင်းနေထိုင်ကြဖို့ သတိပေးခဲ့ကြတာပါ။
မြို့တော် ကီတိုရဲ့ လမ်းမတွေပေါ်မှာ ဒေသခံတွေဟာ ထွက်ပြေးခဲ့ကြရပြီး ကျန် တဲ့မြို့တွေမှာလည်း ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံစားခဲ့ကြရတာပါ။
အီကွေဒေါနိုင်ငံ ဒုတိယသမ္မတ ဂျော့ဂ်ျဂလက်စ်က “ကနဦးရရှိတဲ့ သတင်းအ ချက်အလက်တွေအရ ပေါ်တိုဗီဂျိုမြို့မှာ လူ ၁၆ ယောက်၊ မန်တာမြို့မှာ ၁၀ ယောက်နဲ့ ဂွာရက်စ်မြို့မှာ ၂ ယောက်သေဆုံးခဲ့ပါတယ်။ နောက်ထပ်သတင်းအချက်အလက်တွေ ရရှိနိုင်ဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်” လို့ ရုပ်သံအစီအစဉ်မှတဆင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
နိုင်ငံရဲ့ ဘူမိသိပ္ပံအင်စတီကျုက ဒါဟာ မှတ်တမ်းတင် ထိခိုက်ပျက်စီးမှုတခုဖြစ်တယ်လို့ ဖော်ပြလိုက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
ဒေသတွင်း သတင်းမီဒီယာတွေမှာတော့ အဆိုပါငလျင်ဟာ မနေ့က ည ၈ နာရီမှာ ဂါဗာကီးလ်မြို့ကို ဗဟိုပြုလှုပ်ခတ်သွားခဲ့တာလို့ ဖော်ပြခဲ့ကြပါတယ်။
လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတော့ ဂါဗာကီးလ်မြို့တွင်းက တံတားတခုပြို ကျပျက်စီးနေပုံတွေနဲ့ မန်တာမြို့မှာတော့ လေဆိပ်တာဝါတိုင်တခုပြိုကျခဲ့တဲ့ပုံတွေကို ဖော်ပြခဲ့ကြပါတယ်။
မြို့တော်ရဲ့ နေရာဒေသတချို့မှာ တယ်လီဖုန်းလိုင်းနဲ့ လျှပ်စစ်မီးပြတ်တောက်မှု တွေဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းမှာ ပုံမှန်အခြေအနေအတိုင်း ဖြစ်သွားခဲ့ပြီလို့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
အိမ်နီးချင်း ပီရူးနိုင်ငံမှာတော့ ငလျင်ရဲ့နောက်ဆက်တွဲဖြစ်လာနိုင်ချေရှိတဲ့ ဆူနာ မီသတိပေးချက်ကို ထုတ်ပြန်ထားခဲ့တာပါ။