ဂျပန်ငလျင်လှုပ်ခတ်မှု ရုပ်သံထွက်ပေါ်၊ ၂၅ ဦး သေဆုံး (ရုပ်သံ)
DVB
·
April 17, 2016
ဂျပန်မှာ တောင်ပိုင်းမှာ တရက်ခြားပြီး ငလျင် ၂ ကြိမ် လှုပ်ခတ်မှုကြောင့် လူ ၂၅ ဦး သေဆုံးခဲ့ပါတယ်။
ဧပြီ ၁၆ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၃ ရှိတဲ့ ငလျင်ကြောင့် သေဆုံးသူ ၁၆ ဦး ရှိပြီး လူ ၁ ထောင်ကျော် ဒဏ်ရာရခဲ့ပါတယ်။
ကူရူကျွန်းပေါ်က ကူမာမိုတိုမြို့အနီးမှာ မြေအောက် ၆ မိုင် အကွာကို ဗဟိုပြုပြီး ငလျင် လှုပ်ခဲ့တာပါ။
ဧပြီ ၁၄ ရက်နေ့ကလည်း အဲဒီ ဒေသမှာပဲ ပြင်းအား ရစ်ခ်ျတာ ၆ ဒသမ ၅ ရှိတဲ့ ငလျင် လှုပ်ခဲ့လို့ လူ ၉ ဦး သေဆုံးခဲ့တာပါ။
ငလျင်လှုပ်စဉ်မှာ ရိုက်ကူးထားတဲ့ ဗွီဒီယိုထဲမှာ အဆောက်အဦတွေ ကားတွေပေါ်ကို ပြိုကျတဲ့ပုံ၊ တံတားတွေ ပြိုကျပုံ၊ ကွဲအက်ကြောင်းကြီးတွေ ဖြစ်ပေါ်တာတွေကို တွေ့ရပါတယ်။
ဒုတိယ ငလျင် လှုပ်ပြီးနောက် မီနာမီ အေဆိုဆိုတဲ့ ရွာမှာရှိတဲ့ တက္ကသိုလ်ဝင်းထဲက ပြိုကျသွားတဲ့ အိပ်ဆောင်ထဲကနေ လူတွေကို ကယ်ထုတ်ခဲ့ရပါတယ်။
သတင်းတွေအရ ဒေသတွင်းက ရထားလမ်း၊ ကားလမ်းတွေ စတဲ့ ပို့ဆောင်ဆက်သွယ်ရေး ကွန်ယက်တွေ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
NHK သတင်းအရ ဆည်ကြီးတခု အက်ကွဲမှာကို စိုးရိမ်တဲ့အတွက် အနီးအနားက ပြည်သူတွေကို ဘေးလွှတ်ရာ ရွှေ့ပြောင်းခိုင်းထားတယ်လို့ ဆိုပါတယ်။
ကူမာမိုတိုမြို့အလယ်မှာ ရှိတဲ့ အနှစ် ၄၀၀ ရှိတဲ့ ရဲတိုက်ကြီးလည်း ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။