Home
မေးမြန်းခန်း
မသန်စွမ်းသူများ အခွင့်အရေးဥပဒေအတိုင်း ခံစားရရှိစေဖို့ တောင်းဆိုချင်ပါတယ် - ဦးအောင်ကိုမြင့်
DVB
·
April 15, 2016
မသန်စွမ်းသူများအရေးအတွက် ရှေ့ ၅ နှစ်အတွင်း လုပ်ဆောင်မယ့်အရာတွေကို  မြန်မာနိုင်ငံ မသန်စွမ်းသူများအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ အမြင်အာရုံမသန်စွမ်းသူ ဦးအောင်ကိုမြင့်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ မြန်မာနိုင်ငံ မသန်စွမ်းအသင်းချုပ်အနေနဲ့ နောက် ၅ နှစ်အတွင်း ဘာတွေ လုပ်ဆောင်မလဲ ခင်ဗျား။ “မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်အနေနဲ့ လာမယ့် ၅ နှစ်မှာ ဦးစားပေး ဆောင်ရွက်ရမယ့် ကဏ္ဍကြီး ၃ ခု ရှိပါတယ်။  ဒါကတော့ (က) မသန်စွမ်းသူများ မသန်စွမ်းမှု အမျိုးအစားအလိုက် တန်းတူအခွင့်အရေးရရှိစေရေး ဆောင်ရွက်မည်။ (ခ) မသန်စွမ်းသူများ အချင်းချင်းအကြား ယုံကြည်မှုတည်ဆောက်ရန်။ (ဂ) မသန်စွမ်းသူနှင့် မသန်စွမ်းအဖွဲ့အစည်း များအား စွမ်းရည်မြှင့်တင်ပေးရန်တို့ ဖြစ်ပါတယ်။” မသန်စွမ်းသူတွေအနေနဲ့ ဘာတွေ လိုအပ်နေလဲ၊ ဘယ်လိုအခက်အခဲ ကြုံတွေ့နေရလဲ။ “မသန်စွမ်းသူတွေရဲ့ လိုအပ်ချက်ကတော့ တဦးနဲ့တဦး ခြားနားနေမှာဖြစ်ပါတယ်။ အားလုံးအတွက် ဘုံအကျိုးစီးပွားဖြစ်တဲ့ လိုအပ်ချက်များကတော့ တန်းတူအခွင့်အရေးရရှိဖို့၊ အချင်းချင်း ယုံကြည်မှုနဲ့ ညီညွတ်မှုရှိဖို့၊ စွမ်းရည်မြင့်မားတိုးတက်ဖို့ရယ်၊ ရုပ်နဲ့စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေ ဖြိုဖျက်ပစ်ဖို့ပဲ ဖြစ်ပါတယ်။” သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ မသန်စွမ်းသူတွေရဲ့ အခြေအနေက ဘယ်လိုရှိလဲ။ တိုးတက်မှု ရှိလား။ “၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က အခြေအနေနဲ့ နှိုင်းယှဉ်ရင်တော့ အနည်းငယ် တိုးတက်လာတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။” ဦးသိန်းစိန်အစိုးရလက်ထက်မှာ မသန်စွမ်းဥပဒေ ထုတ်ပြန်ကြေညာခဲ့ပြီးပေမဲ့ နည်းဥပဒေကို အခုထိ အပြီးမသတ်နိုင်သေးဘူး။ ဘာကြောင့် ပြဋ္ဌာန်းဖို့ ကြန့်ကြာနေတာလဲ။ “လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဋ္ဌာနရဲ့ လုပ်ငန်း ဆောင်ရွက်မှု နှောင့်နှေးခြင်းနဲ့ မသန်စွမ်းသူနဲ့ မသန်စွမ်းအဖွဲ့အစည်းများရဲ့ Advocacy (ထောက်ခံအားပေးမှု) လုပ်နိုင်မှုအားနည်းခြင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။” အမျိုးသားအဆင့်ကော်မတီ ဖွဲ့စည်းဖို့ ဘာတွေ ဆက်လုပ်မလဲ။ “အန်အယ်လ်ဒီအစိုးရရဲ့ ရက်ပေါင်း ၁၀၀ စီမံကိန်းအတွင်းမှာ အမျိုးသားအဆင့် ကော်မတီ ဖွဲ့စည်းနိုင်ရေး အစီအစဉ် ပါဝင်အောင် Advocacy လုပ်ဖို့ လိုပါတယ်။ မသန်စွမ်းသူများ အသင်း ချုပ်ရဲ့ ဦးစားပေး လုပ်ငန်းစဉ်များထဲမှာလည်း ပါဝင်ပြီးသား ဖြစ်ပါတယ်။” မြန်မာနိုင်ငံ မသန်စွမ်းအသင်းချုပ်အနေနဲ့ မသန်စွမ်းသူများအရေးအတွက် သမ္မတဦးထင်ကျော်အစိုးရကို ဘာတွေ တောင်းဆိုချင်ပါသလဲ။ “မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အမြန်ဆုံး ဖွဲ့စည်း ပေးဖို့၊ မသန်စွမ်းသူများ အခွင့်အရေးနည်းဥပဒေ အမြန်ဆုံးအတည်ပြုပြဋ္ဌာန်းပေးဖို့၊ မသန်စွမ်း သူများ အခွင့်အရေးဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း အမှန်တကယ် အကျိုးကျေးဇူး ခံစားရရှိစေဖို့ တောင်းဆိုချင်ပါတယ်။” မြန်မာရိုးရာအတာသင်္ကြန်မှာ ပြည်သူတွေကို ဘာတွေ ဆုတောင်းပေးချင်လဲ။ “မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ်သို့ ကူးပြောင်းမယ့် အတာသင်္ကြန်ပွဲတော်မှာ မသန်စွမ်းသူများအပါအ၀င် ပြည်သူလူထုအားလုံး ပျော်ရွှင်ခြင်းများစွာ၊ ကြည်နူးမှုများစွာဖြင့် ရေပတ်ဆော့ကစားနိုင်ကြပါစေ။ မြန်မာတို့ရဲ့ နှစ်သစ်ကူးအခါသမယမှာလည်း မိမိတို့လိုလားတောင့်တတဲ့ ဘ၀အခြေအနေကို ကြုံလာရမယ့် အတားအဆီးများကို ကျော်လွှားပြီး ရယူပိုင်ဆိုင်နိုင်ကြဖို့ ဆုတောင်းမေတ္တာပို့သပါတယ်။” ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၂၃ သိန်းကျော် ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024