မြန်မာငလျင်ကြောင့် အိန္ဒိယတွင် ၂ ဦးသေဆုံး
DVB
·
April 14, 2016
မြန်မာနိုင်ငံကို ဗဟိုပြု လှုပ်ခတ်သွားတဲ့ အင်အားပြင်းငလျင်ကြောင့် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာလည်း ငလျင်ဒဏ်ခံခဲ့ရပြီး အာသံပြည်နယ်မှာ အနည်းဆုံး ၂ ဦးသေဆုံးကာ ၇၀ ကျော် ဒဏ်ရာရသွားတယ်လို့ အိန္ဒိယနိုင်ငံထုတ် သည်ဟိန္ဒူစတန်တိုင်းမ် သတင်းမှာဖော်ပြပါတယ်။
မနေ့ညက လှုပ်ခတ်သွားတဲ့ ပြင်းအား ရစ်ခ်ျတာစကေး ၆ ဒသမ ၈ ရှိ အင်အားပြင်းငလျင်ကြောင့် အိန္ဒိယနိုင်ငံ ဘီဟာ၊ အနောက်ဘန်ဂေါ၊ အာသံ၊ မဏိပူ၊ ထရီပူရာ၊ မီဇိုရမ်နဲ့ နာဂလန်းဒေသတွေမှာလည်း ငလျင်ဒဏ်ခံစားခဲ့ရပြီး လူတွေ နေအိမ်ထဲကနေ အထိတ်တလန့် ထွက်ပြေးခဲ့ကြရတာပါ။
ဒါ့အပြင် ငလျင်ကြောင့် လျှပ်စစ်မီးတွေနဲ့ ဆက်သွယ်ေ၇းတွေ ထိခိုက်ပြီး တချို့နေရာတွေမှာ မီးရထားခရီးစဉ်တွေထိခိုက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။ မဏိပူပြည်နယ် အင်ဖာမှာတော့ ရဲတပ်စခန်း အဆောက်အဦတခု ငလျင်ကြောင့် ပြိုကျပျက်စီးမှုရှိခဲ့ပါတယ်။
မြိုတော် နယူးဒေလီအခြေစိုက် အိန္ဒိယ အမျိုးသား မြေငလျင်ဗဟိုဌာနကတော့ ငလျင်ဗဟိုချက်နေရာဟာ အိန္ဒိယ- မြန်မာနယ်စပ် ကီလိုမီတာ ၁၀၀ လောက်ဝေးတဲ့ မြန်မာနိုင်ငံအတွင်းပိုင်းမှာ ဖြစ်တယ်လို့ ပြောပါတယ်။