နိုင်ငံအဆင့် စီးပွားရေး အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင် ပြုလုပ်
ရွှေအောင်
·
August 19, 2011
ဩဂုတ်လ ၁၉ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံအဆင့်စီးပွားရေး အလုပ်ရုံဆွေးနွေးပွဲကို မွန်းလွဲ ၁ နာရီကနေ ညပိုင်းအထိ ပြုလုပ်သွားခဲ့ပါတယ်။
သမ္မတက အဖွင့်မိန့်ခွန်း ပြောပြီးတဲ့နောက် သက်ဆိုင်ရာ စီးပွားရေး ပညာရှင်တွေက စာတမ်းတွေ ဖတ်ခဲ့ကြပါတယ်။ ဒီပွဲကိုတက်ခဲ့တဲ့ ဒီမိုကရက်တစ္ပါတီ မြန်မာက ဥက္ကဋ္ဌ ဦးသုဝေက အလုပ်ရုံဆွေးနွေးပွဲရဲ့ ထူးခြားချက်နဲ့ ဆွေးနွေးခဲ့တဲ့ သူတွေနဲ့ ဘာသာရပ်တွေကို ခုလို ပြောပြပါတယ်။
“ထူးထူးခြားခြားကတော့ သူတို့က စီးပွားရေးနဲ့ ပတ်သက်တာတွေကို ဘက်စုံပေါ့နော် ဌာနစုံကနေပြီးတော့ ပြောသွားတာ တော်တော်လေး ပြည့်ပြည့်စုံစုံပါ။ နောက်ပြီးတော့ အချက်အလက်တွေကို စာရွက်စာတမ်းတွေ အကုန်လုံးလည်း ကျနော်တို့ကို ဖြန့်ဝေပေးတယ်လေ။”
ဆွေးနွေးသွားတဲ့သူတွေက ဘယ်သူတွေလဲ အန်ကယ်လ် မှတ်မိသလောက် ပြောပြပါလား။
“ပထမတော့ ဒေါက်တာ ဦးမြင့်၊ ဦးစိုးသိန်း စက်မှုလက်မှု ဥက္ကဋ္ဌလေ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက၊ နောက်တခုကတော့ ဦးစံသိန်း မြန်မာနိုင်ငံရဲ့ ရသုံးငွေကြေးကို လေ့လာတဲ့သူပေါ့။ ဒေါက်တာဇော်ဦး အာဆီယံ economic community အကြောင်းကို ပြောသွားတာပေါ့နော်။ ဒေါက်တာကျော်ရင်လှိုင် reforming goverment business relationship in myanmar ဆိုတဲ့အကြောင်း ပြောတယ်။ ဒေါက်တာ တင်မောင်မောင်သန်း မြန်မာနဲ့ Political economic development အကြောင်းကို ပြောသွားတာပေါ့။ ဒေါက်တာ ခင်မောင်လွင် ဆိုတာက အစိမ်းရောင် စီးပွားရေးနဲ့ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု အကြောင်း ပြောသွားတာဗျ။ ဒေါ်ဝင်းမြင့် သူကတော့ တိုင်းပြည်ရဲ့ ထုတ်လုပ်မှု စွမ်းအားနဲ့ တိုင်းပြည်ရဲ့ ၀င်ငွေဆိုင်ရာ စာရင်းဇယားဆိုတာ ပြောသွားတာ။”
အလုပ်ရုံ ဆွေးနွေးပွဲကို စီးပွားရေးပညာရှင်တွေ၊ အစိုးရ တာဝန်ရှိသူတွေ၊ အသင်းအဖွဲ့တွေက တာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ စုစုပေါင်း ၅၀၀ လောက် တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို ဒီလ ၂၁ ရက်ထိ ဆက်လက် ကျင်ပသွားမှာ ဖြစ်ပါတယ်။