ဇီကာဗိုင်းရပ်စ် ကူးစက်ပြန့််ပွားမှု ထင်ထားတာထက် ပိုကြောက်ဖို့ကောင်းဟု အမေရိကန် ပြော

ဓာတ်ပုံ - အေအက်ဖ်ပီ
ဇီကာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုဟာ ကနဦး ထင်ထားတာထက် ပိုကြောက်ဖို့ ကောင်းတယ်လို့ အမေရိကန် ကျန်းမာရေး အရာရှိတွေက ဧပြီ ၁၁ ရက်နေ့မှာ ပြောပါတယ်။ ဇီကာဗိုင်းရပ်စ်ကို သယ်ဆောင်တဲ့ ခြင်အမျိုးအစားဟာ အမေရိကန်နိုင်ငံရဲ့ ပြည်နယ်တွေမှာ ထင်ထားတာထက် ပိုရှိနေတယ်လို့ ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန ဒု-ညွှန်မှူး ဒေါက်တာ အန်း ရှက်ကက်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။ အခုတော့ အမေရိကန်က ပြည်နယ် ၁၂ ခုမှာ မဟုတ်တော့ဘဲ ပြည်နယ် ၃၀ မှာ ခြင်တွေရှိနေတယ်လို့ အမေရိကန် သိပ္ပံပညာရှင်တွေက ယုံကြောင်း သူက ဆက်ပြောပါတယ်။ ပွာတိုရီကိုကျွန်းမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှု အမြောက်အမြား တွေ့ခဲ့လို့ ကျန်းမာရေးအရာရှိတွေ စိုးရိမ်ခဲ့တာပါ။ ကူးစက်ခံ ထောင်သောင်းချီ ရှိနေနိုင်သလို ကလေးတွေ ရာနဲ့ချီ ကူးစက်ခံရပြီး ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။ ဇီကာဗိုင်းရပ်စ်က အမေရိကတိုက် တခုလုံးကို စတင်ပျံ့နှံ့မှု မဖြစ်ခင် ကြိုတင်ကာကွယ်ဖို့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅၈၉ သန်းကို အီဘိုလာ ဗိုင်းရပ်စ်အတွက် ထားတဲ့ ရန်ပုံငွေကနေ လွှဲယူမယ်လို့ အိမ်ဖြူတော်က အရင်အပတ်မှာ ပြောပါတယ်။ ပထမဆုံး ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးကို စီစဉ်ထားတဲ့အတိုင်း စက်တင်ဘာလမှာ ရနိုင်သင့်တယ်လို့ အမေရိကန် အမျိုးသား ဓာတ်မတည့်မှုနဲ့ ကူးစက်ရောဂါဌာန ညွှန်မှူး အန်ထော်နီ ဖောင်စီက ပြောပါတယ်။ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ ကိုယ်ဝန်ဆောင်ကနေ မွေးရာပါ ဦးနှောက်ချို့ယွင်းတဲ့ ကလေးငယ် မွေးဖွားမှု ဖြစ်စေနိုင်တယ်ဆိုတဲ့ သိပ္ပံဆိုင်ရာ သံသယက ခိုင်မာနေပါတယ်။ ရှားပါး အာရုံကြော ချို့ယွင်းမှုကနေ သွက်ချာပါဒ လေငန်းရောဂါ ဖြစ်စေနိုင်ပေမယ့် အတည်ပြုဖို့ လတွေ နှစ်တွေချီပြီး အချိန်ယူရဦးမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (ဒဗလျူအိတ်ခ်ျအို) က ဆိုပါတယ်။

More News
Up