ထိုင်းသင်္ကြန်တွင် ရဲအင်အား ၉ သောင်းချထားမည်

1K
ထိုင်းနိုင်ငံ ဆောင်ခရမ် ရေသဘင်ပွဲတော်ကာလ (ဧပြီလ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့ထိ) မှာ အများပြည်သူရဲ့ အသက်နဲ့ ပစ္စည်းတွေ ဘေးကင်းလုံခြုံစေဖို့ နိုင်ငံတ၀န်းက လမ်းတွေပေါ်မှာ ရဲတပ်ဖွဲ့ဝင်အင်အား (၉ သောင်း) ကို ဖြန့်ကျက်ပြီး လှည့်လည်စောင့်ရှောက်သွားမယ်လို့ ထိုင်းရဲ တပ်ဖွဲ့က ပြောပါတယ်။
သင်္ကြန်တွင်းကာလ နေရပ်ဇာတိပြန်ကြတဲ့ ခရီးသွားပြည်သူတွေ ဘေးကင်းလုံခြံမှုစေဖို့၊ အဓိကလမ်းမကြီးတွေပေါ်မှာ ယာဉ်ပိတ်ဆို့မှုမဖြစ်အောင်နဲ့ မူးယစ်ပြီး ယာဉ်မောင်းနှင်မှုတွေ အပေါ် ထိန်းချုပ်အရေးယူတာတွေ ဆောင်ရွက်သွားမယ်လို့ အမျိုးသားရဲတပ်ဖွဲ့ရုံး ပြောခွင့်ရသူ ရဲချုပ် Detnarong Suthicharnbancha ရဲ့ ပြောဆိုချက်ကို ထိုင်းပီဘီအက်စ်သတင်းက ဖော်ပြပါတယ်။
အရက်သေစာနဲ့ မူးယစ်ဆေးဝါး သုံးစွဲမူးယစ်ပြီး ကားမောင်းသူတွေကို ဖမ်းဆီးမိတဲ့အခါ ယာဉ်ကို သိမ်းဆည်းပြီး ယာဉ်မောင်းသူတွေကို မူးယစ်မောင်းနှင်မှု၊ မဆင်မခြင်မောင်းနှင်မှုနဲ့ တရား စွဲဆိုမယ်လို့ သူကသတိပေးပါတယ်။
ဘန်ကောက်မြို့ ဒုတိယမြို့တော်ဝန်အမျိုးသမီး Mrs Pussadee Tamthai ကလည်း သင်္ကြန်ကာလ လူစည်ကားတဲ့ ခေါက်ဆမ်လမ်းက စတိုးဆိုင်တွေကို သင်္ကြန်ကာလ ပွဲတော်ရက် အတွင်း အရက်မရောင်းချကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
ခရိုင်ရုံးတခုချင်းစီက နေရာတခုတည်းမှာစုပြီး ပွဲတော်ကျင်းပကြဖို့နဲ့ အယ်ကိုဟောဓာတ်မပါ ၀င်တဲ့ ဖော်ျရည်နဲ့ အချိုရည်သောက်သုံးမှုကို အားပေးကြဖို့ သူကညွှန်ကြား ခဲ့ပါတယ်။
စည်းကမ်းထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူးချုပ် ရဲမှူးကြီး Narath Sawettanan က အပြစ်ကျူးလွန်တဲ့ ယာဉ်မောင်းတွေကို ခံဝန်ကာလမှာ အပြစ်အတွက် ဆေးရုံက ရင်ခွဲရုံတွေမှာ အလုပ်လုပ်ခိုင်းမယ့် အစီအစဉ်ကို ဒီနှစ်စတင်မိတ်ဆက်သွားမယ့်အကြောင်း ပြောဆိုပါတယ်။
ဒီကနေ့ဟာ ထိုင်းနိုင်ငံမှာ ရေပက်ကစားမှုကို အစပျိုးတဲ့နေ့ဖြစ်ပါတယ်။ ဒေသန္တရအလိုက် ရေကိုချွေတာသုံးစွဲပြီး ပျော်ပါးကြဖို့ ပညာပေးမှုတွေ၊ ရိုးရာဝတ်စုံဝတ်ဆင်ကြဖို့ နှိုးဆော်တဲ့ ကြိုးပမ်းမှုတွေလည်း တွေ့ရပါတယ်။
ထိုင်းနိုင်ငံမှာ မနှစ်က ဆောင်ခရမ်ပွဲတော်ကာလ ၇ ရက်အတွင်း မတော်တဆမှုပေါင်း ၃၃၇၃ ကြိမ်ဖြစ်ပွားခဲ့ရာမှာ ၃၆၄ ဦး သေဆုံးခဲ့ပြီး ၃၅၅၉ ယောက် ဒဏ်ရာရရှိခဲ့ပြီး တမြန်နှစ်ကထက် သေဆုံးသူ ပိုများခဲ့ပါတယ်။
ဒီလဆန်းပိုင်းကတည်းက ထိုင်းရဲတပ်ဖွဲ့က ရာဇ၀တ်မှုနှိမ်နင်းရေးလှုပ်ရှားမှုကို အစပြုခဲ့ပြီး အရက်ရောင်းချမှုကို တင်းကျပ်ခဲ့ပါတယ်။
မူးယစ်ဆေးဝါးနဲ့ မသင်္ကာဖြစ်ဖွယ်ရာတခုခုကို တွေ့ရှိသံသယဖြစ်ရင် Hotlines နံပါတ် ၁၉၉ နဲ့ ၁၅၉၉ တို့ကိုသတင်းပေးကြဖို့ နှိုးဆော်ထားပါတယ်။