မြောက်ကိုရီးယား အရာရှိ ၂ ဦး ဘက်ပြောင်းခဲ့ဟု တောင်ကိုရီးယား အတည်ပြု

တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောခွင့်ရ ချောင်ချင်းဟီး။ (ဓာတ်ပုံ - ရိုက်တာ)
တောင်ကိုရီးယားကို သူလျှိုထားမှုအရေး ကျွမ်းကျင်တဲ့ ဗိုလ်မှူးကြီးတဦး အပါအဝင် မြောက်ကိုရီးယား အရာရှိ ၂ ဦး တောင်ကိုရီးယားဆီ မနှစ်က ဘက်ပြောင်းလာခဲ့တယ်လို့ တောင်ကိုရီးယား အစိုးရက ဧပြီ ၁၁ ရက်နေ့မှာ အတည်ပြု ပြောဆိုပါတယ်။ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ဘက်ပြောင်း မြောက်ကိုရီးယား ဗိုလ်မှူးကြီးကို တောင်ကိုရီးယားမှာ နိုင်ငံရေးခိုလှုံခွင့် ပေးခဲ့ပြီးပြီလို့ ပြောပါတယ်။ သူဟာ ဘယ်သူဘယ်ဝါဆိုတဲ့ အသေးစိတ် ကိုယ်ရေးအချက်အလက်တွေကိုတော့ မပြောနိုင်ဘူးလို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောခွင့်ရ ချောင်ချင်းဟီးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒါဟာ မြောက်ကိုရီးယား သြဇာရှိ လူတန်းစား အလွှာအတွင်း မကြုံစဘူး လှုပ်ရှားမှုတွေ ရှိနေတယ်ဆိုတာ ပြတဲ့ ဥပမာ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။ မနှစ်က အာဖရိကနိုင်ငံတခုမှာ တာဝန်ထမ်းဆောင်နေတဲ့ မြောက်ကိုရီးယား အကြီးတန်း သံတမန်ဟာလည်း မိသားစုနဲ့အတူ မနှစ်က တောင်ကိုရီးယားဆီ ဘက်ပြောင်းခဲ့တယ်လို့ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ပြောပါတယ်။ တတိယနိုင်ငံတခုမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ လုပ်သား ၁၃ ဦး အုပ်စုလိုက် ဘက်ပြောင်းခဲ့ပြီး တောင်ကိုရီးယားမြို့တော် ဆိုးလ်ကို ဧပြီ ၇ ရက်နေ့က ရောက်လာခဲ့တယ်လို့ တောင်ကိုရီးယား အစိုးရက သောကြာနေ့မှာ ကြေညာခဲ့ပါသေးတယ်။ ဒီလို ထုတ်ဖော် ပြောဆိုတာဟာ ပြည်တွင်းနိုင်ငံရေး အကြောင်းပြချက်ကြောင့်လား ဆိုတဲ့ မေးခွန်းကိုတော့ ဖြေဖို့ ငြင်းပါတယ်။ သမ္မတ ပတ်ဂွန်ဟေးက ကွန်ဆာဗေးတစ် မဲရှင်တွေကို သြဇာလွှမ်းဖို့ ကြိုးစားတဲ့အနေနဲ့ ဒီသတင်းတွေကို ကြေညာတာလားလို့ တောင်ကိုရီးယားနိုင်ငံအတွင်း အတိုက်အခံ လစ်ဘရယ် မင်ဂျိုးပါတီက ဧပြီ ၁၁ ရက်နေ့က မေးခွန်းထုတ်ခဲ့ပါတယ်။ မနှစ်က မြောက်ကိုရီးယားကနေ ဘက်ပြောင်းလာသူ ၁၂၇၆ ဦးရှိပြီး ၂၀၀၉ ခုနှစ်ကနဲ့စာရင် ဘက်ပြောင်းသူဦးရေ လျော့ကျလာခဲ့ပါတယ်။ မတ်လအထိ မြောက်ကနေ တောင်ကိုရီးယားကို ဘက်ပြောင်းလာသူဦးရေ ၂ သောင်း  ၉ ထောင် ကျော်ခဲ့ပါပြီ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up