Live
Home
ဆောင်းပါး
ပနာမား လျှို့ဝှက်စာရွက်စာတမ်း ပေါက်ကြားမှုကြီး
DVB
·
April 11, 2016
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (ဧပြီ ၃ရက်)က နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုဆိုင်ရာ သတင်းသမားများ စုစည်းအဖွဲ့ကြီး (ICIJ) က ပနာမား စာရွက်စာတမ်းများလို့ခေါ်တဲ့ တကယ့်ကြီးမားတဲ့သတင်း အထောက်အထား ပေါက်ကြားမှုတခုကို ဖော်ထုတ်တင်ပြလိုက်ပါတယ်။ အိုင်စီအိုင်ဂျေက ရုရှား သမ္မတဗလာဒီမာပူတင်ရဲ့ လုပ်ဖော်ကိုင်ဖက်တချို့၊ ကမ္ဘာ့ဘော်လုံးအဖွဲ့ချုပ်ကျင့်ဝတ် ကော်မတီဝင် တယောက်နဲ့ အမေရိကန်ပြည်ထောင်စုက လာဘ်ပေးလာဘ်ယူမှုနဲ့ စွဲချက်တင်ထားတဲ့ လူတွေနဲ့ စီးပွားရေးအရ ဆက်စပ်မှုတွေ စာတွေပါဝင်နေတဲ့ လျှို့ဝှက်ကွန်ရက်တခုကို ဖွင့်ချဖော်ထုတ်ထားတဲ့ အထောက်အထားသိုက်တခုကို စုံစမ်းတင်ပြထားခဲ့တာဖြစ်ပါတယ်။ ချမ်းသာ၊ အာဏာရှိသူတွေက သူတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေကို ဖုံးကွယ်အခွန်ရှောင်ဖို့နဲ့ ငွေကြေး ခ၀ါချဖို့ ဘယ်လိုလုပ်ထားကြတယ်ဆိုတာကို ဖွင့်ထုတ်ဖော်ပြလိုက်တယ်လို့ ပြောရမှာပါပဲ။ အဲဒီ သိမ်းဆည်းထားတဲ့အထောက် အထားမှတ်တမ်းဖိုင်တွေစတင် ပေါက်ကြားခဲ့တာကတော့ ပနားမား အခြေစိုက် ဥပဒေအကျိုး ဆောင်ကုမ္ပဏီတခုဖြစ်တဲ့ မော့ဆက် ဖွန်ဆက်ကာ လို့ခေါ်တဲ့ ကုမ္ပဏီပဲ ဖြစ်ပါတယ်။ ဖိုင်တွေက ဖွန်ဆက်ကာ ကုမ္ပဏီရဲ့ ဖောက်သည်တွေ ငွေမည်းတွေကို ခ၀ါချကြပုံ၊ အရေးယူပိတ်ဆို့မှုတွေနဲ့ အခွန်ငွေကို ရှောင်ကျဉ်ကြပုံတွေကို ဖွင့်ထုတ် ဖော်ပြနေပါတယ်။ ဖြစ်ရပ်တခုမှာတော့ ကုမ္ပဏီက အမေရိကန်သန်းကြွယ်သူဋ္ဌေးတယောက်ကို သူ့ငွေကြေးတွေကို အာဏာပိုင်တွေ မသိရအောင် ပိုင်ဆိုင်မှုအတု တခုပေးအပ်ထားခဲ့တာ တွေ့ရပါတယ်။ အဲဒါဟာ ငွေကြေးခ၀ါချမှုနဲ့ အခွန်ရှောင်မှု မလုပ်နိုင်အောင် တားဆီးဖို့ပြဋ္ဌာန်းထားတဲ့ နိုင်ငံတကာ စည်းမျဉ်း တခုကို တိုက်ရိုက်ချိုးဖောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ခု ပနားမား လျှို့ဝှက်စာရွက်စာတမ်း ပေါက်ကြားမှုကြီးကတော့ ၂၀၁၀ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ၀ီကီလိခ် အဖွဲ့က ထုတ်ဖော်တင်ပြလိုက်တဲ့ ပေါက်ကြားမှုကို သေးငယ်သွားစေ နိုင်လောက်အောင်ကို ကြီးမားတယ်လို့ ဆိုပါတယ်။ နှိုင်းယှဉ်မှု အရ ၀ီကီလိခ်က ဖော်ထုတ်ပေါာက်ကြားစေလိုက်တဲ့ သတင်းအချက်အလက် ပမာဏဟာ ဆန်ရန်စစ္စကိုရဲ့လူဦးရေ ပမာဏနဲ့ညီတယ်ဆိုရင် ခု ပနာမား ပေါက်ကြားမှုကြီးကတော့ အန္ဒိယ နိုင်ငံလူဦးရေလောက် နဲ့ညီမျှ လိမ့်မယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။ပေါက်ကြားခဲ့တဲ့ လျှို့ဝှက်မှတ်တမ်း ပေါက်ကြားမှုကြီးမှာ အချက်အလက်ပေါင်း ၁၁ ဒသမ ၅ သန်းကျော် ပါဝင်ခဲ့ တယ်လို့ ဆိုပါတယ်။ အဲဒီအချက်အလက်တွေထဲမှာ သူတို့အုပ်ချုပ်တဲ့ နိုင်ငံတွေက ဥစ္စာပစ္စည်းတွေ ကို လုယက်ခိုးယူထားတယ်လို့ စွပ်စွဲခံထားရတဲ့ အာဏာရှင်နိုင်ငံခေါင်းဆောင်တွေ အပါအ၀င် လောလောဆယ်နဲ့ အရင် အစိုးရအဖွဲ့ခေါင်းဆောင်တွေနဲ့ ဆက်စပ်မှု ၁၂ ခု၊ နိုင်ငံခေါင်းဆောင်တွေ ရဲ့ ဆွေမျိုးသားချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက် ၆၀ ကျော်နဲ့ တခြားနိုင်ငံရေးသမားနဲ့ ပြည်သူ့ရေးရာ တာဝန်ရှိ ပုဂ္ဂိုလ် ၁၂၈ ယောက်နဲ့ ငြိစွန်းနေတဲ့ အချက်အလက်တွေလည်း ပါဝင်နေပါတယ်။ ဒီကိစ္စကို ဖော်ထုတ်ပေးလိုက်တဲ့ အမည်မဖော်တဲ့ ဟက်ကာ ကတော့ ပေါက်ကြားမှု ထဲမှာ ပါဝင်သူတွေထဲမှာ သြဇာအာဏာရှိသူတွေ အများကြီး ပါဝင်နေတဲ့အတွက် သူတို့အတွက် အသက် အန္တရယ်ရှိနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီပေါက်ကြားဖိုင်တွေထဲမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင် ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိခံရတဲ့ ဒေါ်လာသန်းထောင်ချီ ငွေကြေးခ၀ါချမှု တွေလုပ်နေ တဲ့ ဂိုဏ်းတခုကိုလည်း ဖွင့်ချဖော်ထုတ်ထားပါတယ်။ နောက် နံမည်ကြီးတချို့ကတော့ တရုတ် သမ္မတ ရှီကျင်းပင်ရဲ့ယောက်ဖ၊ ယူကရိန်းသမ္မတ ပီထရို ပေါ်ရိုရှင်ကို၊ အာဂျင်တီးနားသမ္မတ မော်ရီဆီယို မာခရီ၊ ယူကေ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်ရဲ့ ကွယ်လွန်သူဖခင်၊ ပါကစ္စတန် ၀န်ကြီးချုပ် န၀ပ်ရှရစ်ဖ်ရဲ့သားသမီး ၄ ယောက်ထဲက ၃ ယောက် တို့နဲ့ဆက်စပ်မှုတွေပဲ ဖြစ်ပါတယ်။ နောက်အရေးကြီးတဲ့ ဆက်စပ်မှု တခုကတော့ အိုက်စ်လင် ၀န်ကြီးချုပ် ဆစ်ဂ်မန်ဒါ ဂန်လော့ဆန်ရဲ့ သူ့ဇနီးသည်ရဲ့ဥစ္စာဓနနဲ့ ဆက်စပ်နေတဲ့ အသိပေးကြေညာမထားခဲ့တဲ့ အကျိုးစီးပွားကိစ္စ အထောက်အထား ဖြစ်ပါတယ်။ခုချိန်မှာတော့ အိုက်စ်လန် ၀န်ကြီးချုပ်က နုတ်ထွက်ပေးလိုက်ရပါပြီ။ ဒီပေါက်ကြားမှုထဲမှာ အတော်စောစောကတည်းက နာမည်ပျက်ခဲ့တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နဲ့ ဆက်စပ်မှုတခုလည်း ပါဝင်လာပါတယ်။ အဲဒါကတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ကျင့်ဝတ်ကော်မတီ ရဲ့ အဓိက အဖွဲ့ဝင်တယောက်ဖြစ်တဲ့ ဥရုဂွေးနိုင်ငံသားရှေ့နေ ဂျူအန်ပီဒရို ဒါမီယာနီနဲ့ သူ့ရဲ့ ကုမ္ပဏီဟာ မနှစ်ကမေလက အမေရိကန်ပြည်ထောင်စုရဲ့ စုံစမ်းစစ်ဆေးမှုအရ အဖမ်းခံခဲ့ရတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ဒုတိယ ဥက္ကဋ္ဌဟောင်းနဲ့ ဆက်စပ်တဲ့ ကမ်းလွန်ရေနံကုမ္ပဏီ အနည်းဆုံး ၇ ခု ကို ဥပဒေကြောင်းအရ အကူအညီပေးခဲ့တယ်လို့ အထောက်အထားအရ ပေါ်လွင်နေပါတယ်။ အဲဒီ ကမ္ဘာကျော်တွေထဲမှာ နောက်ကျမကျန် ပါဝင်လာသူတွေကတော့ မြန်မာနိုင်ငံက သွားလေသူ အာဏာရှင် ဗိုလ်နေ၀င်းရဲ့သမက် အေးဇော်ဝင်း အပါအ၀င် ဦးမိုးမြင့်လို့သိကြတဲ့ မိုက်ကယ်မိုးမြင့်၊ ဒေါက်တာ ဥမ္မာမိုးမြင့်၊ ဦးကျော်ဝင်း၊ ဦးဌေးမြင့်တို့ ပါဝင်တယ်လို့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု ဆိုင်ရာ သတင်းသတင်းသမားများအဖွဲ့ ရဲ့အင်တာနက် စာမျက်နှာမှာဖော်ပြထားတာ တွေ့ရပါ တယ်။ ဒါ့အပြင် ဦးအောင်ကျော်မြင့်၊ ဒေါ်မြမြစိုး၊ ဦးမောင်မောင်ဆွေတင်၊ ဒေါ်မြသီတာဆွေတင်၊ ဦးသုတ၊ ဦးမြင့်ဆွေတို့ ပါဝင်တာကို တွေ့ရပါတယ်။ နိုင်ငံခြားသား အမည်တွေနဲ့ကတော့ Ernest Howard Bolton II၊ Financecorp Limited၊ Jonathan W. Smith၊ Quamruddin Ahmed၊ William Mark Hilsman တို့ ဖြစ်ပါတယ်။ ဒီလို လျှို့ဝှက်ဖုံးကွယ်ဖို့ ကြိုးစားကြတဲ့ နိုင်ငံခေါင်းဆောင်ဆိုသူတွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ နိုင်ငံရေး သမားတွေ၊ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်ဆိုသူတွေဟာ ငွေကြေးဥစ္စာတွေကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် တရားမ၀င်ရရှိထားကြတယ်၊ တနည်းပြောရရင် ခိုးဝှက်ယူခင် လုယက် ယူငင်ထားကြတယ်လို့ ပြောရမှာပါပဲ။ အထူးသဖြင့် အာဏာရှင်နိုင်ငံက ခေါင်းဆောင်တွေဆိုရင် ကိုယ့်တိုင်းပြည်က ပြည်သူလူထုကို ဆင်းရဲတွင်းထဲမှာနှစ်ထားပြီး ကိုယ်ကျိုးစီးပွားကိုပဲ အစဉ်တစိုက်လုပ်လာခဲ့ကြ မတန်တဆ ချမ်းသာလာခဲ့ကြတဲ့သူတွေ ဖြစ်တဲ့အတွက် ပိုပြီးတော့တောင် အပြစ်ကြီးတယ်လို့ ပြောရမှာပါပဲ။ ဒါပေမယ့် စွပ်စွဲခံရတဲ့ ပင်ရင်ကုမ္ပဏီ အော့ဆက်ဖွန်ဆက်ကာ ကတော့ သူတို့ကုမ္ပဏီ ဟာနှစ် ပေါင်း ၄၀ ကျော် လုပ်ငန်းဆောင်ရွက်ခဲ့ရာမှာ ဘာမှဝေဖန်ပြောဆိုတာ မခံခဲ့ရဘူးသလို ဘာရာဇ၀တ်မှုဆိုင်ရာ အမှားအယွင်းနဲ့မှ တရားစွဲမခံခဲ့ရဘူးလို့ ဆိုပါတယ်။ ပေါက်ကြားမှုကြီးမှာ ထိပ်တန်းဖြစ်တဲ့ ရုရှားသမ္မတ ပူတင်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ကလည်း သတင်း သမားတွေနဲ့ တခြားအဖွဲ့အစည်းဝင်တွေက ပူတင်နဲ့ ရုရှားနိုင်ငံရဲ့ခေါင်းဆောင်မှုကို အသရေ ပျက်အောင် လုပ်တာသာဖြစ်တယ်လို့ ပြောဆိုခဲ့တာတွေ့ရပါတယ်။ အိုက်စ်လန် ၀န်ကြီးချုပ်ရုံးကလည်း သူနဲ့ဆက်စပ်နေတဲ့ ကမ်းလွန်ကုမ္ပဏီဟာ သူ့ဇနီးရဲ့ ပိုင်ဆိုင်မှုတွေရှိတဲ့ ဦးပိုင်ကုမ္ပဏီတခုဖြစ်ပြီး အခွန်ကိစ္စမှာ အသာစီးယူတာမျိုး မရှိခဲ့ဘဲ၊ အိုက်စ်လန်မှာ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခမျိုးဖြစ်လာမှာကို ရှောင်ရှားဖို့ လုပ်ထားတာ ဖြစ်တယ်လို့ ပြောကြားခဲ့ ပါတယ်။ အာဂျင်တီးနား သမ္မတ မာခရီ ကလည်း သူနဲ့ဆက်စပ်ခဲ့တဲ့ ကုမ္ပဏီမှာ တစုံတရာ ငွေကြေးထည့်ဝင်ထားတာ မရှိခဲ့ဘူးလို့ တုံ့ပြန်ပြောဆိုခဲ့တာ တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဘရစ်တိန်၊ ပြင်သစ်၊ သြစတြေးလျှနဲ့ မက္ကဆီကို နိုင်ငံတွေကတော့ ဖြစ်နိုင်တဲ့ အခွန် တိမ်းရှောင်မှုတွေကို စုံစမ်းစစ်ဆေးသွားမယ်လို့ ကတိပေး ပြောဆိုခဲ့ကြပါတယ်။ ဒီလိုသတင်း အချက်အလက်ပေါက်ကြားမှုမျိုးကို အဲဒီမှာပါဝင်ပတ်သက်နေတဲ့သူတွေက ထုံးစံအတိုင်း မျက်နှာ အဖတ်ဆယ် ငြင်းဆိုလေ့ရှိကြပေမယ့် သူတို့တွေလုံးဝ အဲဒီလိုမလုပ်ခဲ့ပါဘူးလို့တော့ အခိုင်အမာ သက်သေအထောက်အထားနဲ့ ကန့်ကွက် ခုခံချေပနိုင်ကြတာမျိုးကတော့ အလွန်ဖြစ်တောင့် ဖြစ်ခဲ ဖြစ်ပါတယ်။ နောက်တခုက အဲဒီပေါက်ကြားလာတဲ့ သတင်းအချက်အလက်တွေကို လက်ခံရရှိပြီး စုံးစမ်းမေးမြန်းမှုတွေ လုပ်ခဲ့တဲ့ အဖွဲ့ကလည်း နိုင်ငံပေါင်း ၇၆ နိုင်ငံက သတင်းမီဒီယာ အဖွဲ့အစည်း ပေါင်း ၁၀၇ ဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ နိုင်ငံတကာစုံစမ်းစစ်ဆေးမှုဆိုင်ရာ သတင်းသမားများ စုစည်းအဖွဲ့ကြီး(ICIJ) ဖြစ်နေတဲ့အတွက် အဖွဲ့ကြီးရဲ့ အစဉ်အလာနဲ့ဂုဏ်သိက္ခာအရ အလေးဂရုပြုရ ပါလိမ့်မယ်။ ဒီပေါက်ကြားမှုအရ မဟုတ်တာလုပ်ထား၊ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ထားကြသူတွေ အနေနဲ့ လည်း ကိုယ့်တာဝန်ရှိမှုကို ကိုယ်တာဝန်ယူလက်ခံသင့်ပါတယ်။ အစိုးရ ပိုင်းနဲ့နိုင်ငံရေးသမားတွေ အဖို့လည်း ကိုယ့်တာဝန်ရှိမှုအတွက် တာဝန်က နုတ်ထွက်ပေးသင့်ပါတယ်။ ရာဇ၀တ်မှု မြောက် တယ်လို့ တွေ့ရှိရရင်လည်း အရေးယူအပြစ်ပေးတာကို မလွှဲမသွေခံကြရမှာပဲ ဖြစ်ပါတယ်။ စိုးနေလင်း

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024